ပီအက်ဂျီ vs မန်စီးတီး?? ချန်ပီယံလိဂ် ပွဲစဉ် ၂ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ

ပီအက်ဂျီ vs မန်စီးတီး
ဒီပွဲလောက် ကောင်းတဲ့ ချန်ပီယံလိဂ်ပွဲတော့ ရှိနိုင်မှာ မဟုတ်ပါဘူး။ စီးတီးဟာ စနေနေ့က ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းကို ပြသကာ အဝေးကွင်းမှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ပါတယ်။ စနေနေ့က ပွဲစဉ်ရဲ့ ခြေစွမ်းအရ စီးတီးဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးလိုမျိုး ဖြစ်နေပြီး ဂွာဒီယိုလာ အနေနဲ့ ဒါကို ဝမ်းမြောက်နေမှာပါ။ ပီအက်ဂျီဟာ မက်ဆီ နေမာ အမ်ဘက်ပေ တို့လို ထိပ်တန်း တိုက်စစ်အတွဲကို ပိုင်ဆိုင်ထားပေမယ့် သူတို့ဟာ အသင်းလိုက် ဟန်ချက်မညီ ဖြစ်နေတာကတော့ စိုးရိမ်စရာပါ။

ဒီရာသီ သူတို့ရဲ့ ကစားဟန်ဟာ သိပ်ပြီး အားရစရာ မရှိပါဘူး။ စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ပီအက်ဂျီကို ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ ပထမအကျော့မှာ စီးတီးဟာ ပဲရစ်မှာ ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ စီးတီးတို့ အနိုင်ရမယ်လို့ ကျွန်တော် မထင်ထားသလို ရှုံးလည်း မရှုံးနိုင်ပါဘူး။ သရေဆိုတာ နှစ်သင်းစလုံး အတွက် ကောင်းတဲ့ ရလဒ် ဖြစ်ပါတယ်။

ခန့်မှန်းချက် – ပီအက်ဂျီ ၁-၁ မန်စီးတီး

ပေါ်တို vs လီဗာပူး
လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ်ကို အေစီမီလန်ကို စိတ်လှုပ်ရှားဖွယ် ၃-၂ နဲ့ အနိုင်ယူကာ စတင်ခဲ့ပါတယ်။ လိဂ်ပြိုင်ပွဲမှာ လီဗာပူးဟာ အနည်းငယ် ခြေစွမ်း မတည်မငြိမ် ဖြစ်နေပေမယ့် ဥရောပမှာတော့ သူတို့ အရမ်း ကောင်းတဲ့ ရာသီတစ်ခု ပိုင်ဆိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ လီဗာပူးဟာ ကလော့ရဲ့ လက်ထက် ဥရောပမှာ ကောင်းကောင်း လုပ်ပြထားခဲ့ပြီး ပေါ်တိုကို ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ် တို့မှာ ရှုံးထွက်အဆင့်ကနေ ၂ ကြိမ်ဆက် ထုတ်ပယ်ထားခဲ့ပါတယ်။

ပေါ်တိုဟာ ဥရောပမှာ အမြဲတမ်း သတိထားရင်ဆိုင်ရမယ့် အသင်း ဖြစ်ပါတယ်။ သူတို့ဟာ ဒီပြိုင်ပွဲမှာ အတွေ့အကြုံများစွာ ရှိနေတဲ့ အသင်း ဖြစ်ပြီး အသက်အရွယ်နဲ့ မလိုက်အောင် ကစားပြနေတဲ့ ပီပီကလည်း နောက်တန်းမှာ ရှိနေပါတယ်။ အက်သလက်တီကိုနဲ့ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ ပထမပွဲမှာ ပေါ်တိုဟာ ထိုက်တန်တဲ့ သရေတစ်မှတ် ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ကလော့ရဲ့ လက်ထက်မှာ ပေါ်တိုကို ၄-၁ ၊ ၅-၀ နဲ့ ပေါ်တူဂီမှာ အနိုင်ယူထားခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဒီလို ရလဒ်မျိုး ပြန်မြင်ရမယ်လို့ မထင်ပါဘူး။ ဒါပေမယ့် လီဗာပူးတို့ပဲ အနိုင်ရမယ်လို့ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းချက် – ပေါ်တို ဝ-၂ လီဗာပူး

မန်ယူနိုက်တက် vs ဗီလာရီးရဲယ်
ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံခဲ့ရပြီးနောက် ဒါဟာ မန်ယူနိုက်တက်တို့ မဖြစ်မနေ အနိုင်ယူရမယ့် ပွဲစဉ်ပါပဲ။ ပထမဦးဆုံး ပွဲစဉ်မှာ ယန်းဘွိုင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ တကယ့်ကို အံ့အားသင့်စရာ ဖြစ်ပြီး ဆိုးရှား အနေနဲ့ ဒီလို ရလဒ်မျိုးကို ရှောင်ရှား နိုင်ခဲ့သင့်ပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူလိုက်ခြင်းဟာ ကလပ်ကို စိတ်အားထက်စေခဲ့ပေမယ့်လည်း ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရပြီးနောက် အခုဆိုရင် ဖိအားတွေဟာ ဆိုးရှားဆီကို ရောက်နေပါပြီ။

ဗီလာရီးရဲယ်ဟာ စုစည်းမှုကောင်းတဲ့ အသင်း ဖြစ်ပေမယ့် ဒီရာသီ လာလီဂါမှာ ထူးဆန်းတဲ့ တာထွက်ကို ပိုင်ဆိုင်နေကာ ပထမဦးဆုံး ၆ ပွဲမှာ သရေ ၅ ပွဲထိ ရှိထားခဲ့ပါတယ်။ အူနိုင်းအမ်မရီဟာ ဥရောပမှာ အတွေ့အကြုံ ရှိတဲ့ နည်းပြ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ ၎င်းတို့အတွက် အရမ်းကို တောင့်တင်းလွန်းတယ်လို့ ကျွန်တော် ယူဆထားပါတယ်။

ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၀ ဗီလာရီးရဲယ်

ဂျူဗင်တပ် vs ချဲလ်ဆီး
မန်စီးတီးနဲ့ပွဲမှာ ချဲလ်ဆီးရဲ့ ဒီလို ကစားပုံမျိုး မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ တူချယ်ရဲ့ လက်အောက်မှာ ဒါဟာ ချဲလ်ဆီးရဲ့ ရှားပါးလှတဲ့ poor performance ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဟာ ဒီပွဲမှာ ပြန်လည် တုန့်ပြန်ပြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ဖလားကို ကာကွယ်နိုင်ရန် အခွင့်အရေးကောင်း ရှိနေတယ်လို့ ကျွန်တော် ယူဆနေဆဲ ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ ဒီရာသီ တာထွက် ဆိုးခဲ့ကာ အရင်တုန်းကလို အသင်းမျိုး မဟုတ်တော့ပါဘူး။ ဒါပေမယ့် အယ်လီဂရီ ပြန်လည် ကိုင်တွယ်နေတာကြောင့် ဂျူဗီကို လုံး၀ ပစ်ပယ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကတော့ ချဲလ်ဆီးဟာ တူရင်ကနေ အနိုင်ရလဒ်နဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။

ခန့်မှန်းချက် – ဂျူဗင်တပ် ဝ-၁ ချဲလ်ဆီး

SM