ဘစ်ဆာကာ ကို ၂ ပွဲလက်လွှတ်ရမယ့် ယူနိုက်တက် ၊ နှစ်ကုန်ထိ နားရတော့မယ့် ရှာကာ ၊ ရွှေဘောလုံးအတွက် ကောလဟာလ တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာနောက်ခံလူ အာရွန်ဝမ် ဘစ်ဆာကာ ဟာ ယန်းဘွိုင်းစ် နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ အနီကတ် နဲ့ ထုတ်ခံ ခဲ့ရ ပါတယ် ။

ပုံမှန်အားဖြင့် ချန်ပီယံလိဂ် က အနီကတ်ဟာ တပွဲပယ် အပြစ်ဒဏ်သာ ကျခံရမှာ ဖြစ်ပေမယ့် UEFA ရဲ့ ပြန်လည် သုံးသပ်မှု အပြီးမှာတော့ ဘစ်ဆာကာ ရဲ့ ပြစ်ဒဏ် ကို ထပ်တိုးကာ ၂ ပွဲပယ် အပြစ်ဒဏ် အဖြစ် သတ်မှတ်ခဲ့ ပါတယ် ။

ဒါကြောင့် ဘစ်ဆာကာ ဟာ ဒီကနေ့ည ကစားမယ့် ဗီလာရီးရဲ နဲ့ ပွဲအပြင် အတ္တလန်တာ နဲ့ ကစားမယ့် ပွဲကိုပါ လွဲချော် တော့မှာပဲ ဖြစ်ပါတယ် ။

UEFA ဟာ အဆိုပါ ပွဲမှာ ပရိသတ်တွေ ရဲ့ စည်းကမ်း ဖောက်ဖျက်မှုတွေ အတွက် ယူရို ၃၆၀၀၀၀ ကို အိမ်ရှင် ယန်းဘွိုင်းစ် အသင်းက ကျခံစေဖို့လည်း ပြစ်ဒဏ်ချမှတ် ခဲ့တယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် ယူ-၁၉ အသင်းကတော့ ဥရောပ လူငယ်လိဂ် အုပ်စု ပွဲစဉ် အဖြစ် ဗီလာရီးရဲ လူငယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး ၄-၁ နဲ့ ရှုံးနိမ့်သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲကို ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရမယ့် ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား လာရောက် ကြည့်ရှုခဲ့တယ် လို့ သိရ ပါတယ် ။

အသင်းကို အောက်ခြေကနေ ပြန်လည် ဖွဲ့စည်းဖို့ ဆုံးဖြတ်ကာ ရမှတ် ၁၂ မှတ် လျော့ချ ပြစ်ဒဏ် ကျခံ ခဲ့တဲ့ ဒါဘီ ကောင်တီ အသင်းဟာ ဝန်ထမ်း အယောက် ၂၀ ကို လျော့ချ ခဲ့တယ်လို့လည်း သိရ ပါတယ် ။

လာမယ့် အောက်တိုဘာ ၈ ရက်နေ့ မှာ ထုတ်ပြန်မယ့် ရွှေဘောလုံးဆု အတွက် နောက်ဆုံး စကာတင် စာရင်းမှာ လီယွန်နယ် မက်ဆီ ရော ခရစ္စတီယာနို ရိုနယ်ဒို ပါ ပါဝင်လာမယ်လို့ ကောလဟာလ သတင်းတခု ထွက်ပေါ် လာခဲ့ ပါတယ် ။

ဒါပေမယ့် Goal သတင်းဌာန ရဲ့ ရွှေဘောလုံး ရေပန်းစားမှု မှာတော့ မက်ဆီ ၊ လီဝန်ဒေါ့စကီး နဲ့ ဂျော်ဂျင်ဟို တို့ က ထိပ်ဆုံး ၃ ယောက် အဖြစ် အစဉ်လိုက် ရပ်တည် နေကြပါတယ် ။

ရွှေဘောလုံး ဆုပေးပွဲ ကိုတော့ နိုဝင်ဘာလ ၂၉ ရက်နေ့ မှာ ကျင်းပ သွားမယ်လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်းခေါင်းဆောင် ချီယာလီနီ ကတော့ အီတလီ လက်ရွေးစင် အသင်းဖော် ဂျော်ဂျင်ဟို ကို ၂၀၂၁ ရွှေဘောလုံးဆု နဲ့ ထိုက်တန်ကြောင်း ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

ပြင်သစ် ကလပ် မာဆေး အသင်းသားတွေ ဟာ အာဆင်နယ် ကနေ ပြောင်းရွှေ့ လာတဲ့ ဂွမ်ဒိုဇီ နဲ့ လက်တွဲ အလုပ်လုပ်ကိုင်ရမှု အပေါ် အဆင်မပြေသလို ခံစား နေရပြီး ဂွမ်ဒိုဇီ ရဲ့ ပြုမူ ပြောဆို နေထိုင်ပုံတွေ အပေါ် မနှစ်သက်သူတွေ ရှိလာတယ်လို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။

အဲဗာတန် ကစားသမား ဂျန်ဖိလစ် ဂျီဘာမင် ကတော့ မနက် ၅ နာရီ အချိန် မှာ မူးရစ်သောက်စား မှောင်းနှင်မှုကာ ယဉ်တိုက်မှု ဖြစ်ခဲ့တာကြောင့် ပေါင် ၂ သောင်းခွဲ ဒဏ်ငွေ ပေးဆောင်ခဲ့ရပြိး လိုင်စင် အသိမ်းခံခဲ့ရတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ကတော့ စပါး နဲ့ ပွဲမှာ ရရှိ ခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၃ လခန့် အနားယူ ရတော့မယ်လို့ ကြားသိရ ပါတယ် ။

အင်္ဂလန် ချန်ပီယံရှစ် ကလပ် နောတင်ဟမ် ဖောရက်စ် နဲ့ ဂရိစ် ကလပ် အိုလံပီယာကော့စ် အသင်းတွေ ကို ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး အီဗန်ဂဲလိုစ့် မာရင်နာကစ် ဟာ မြေထဲပင်လယ်ထဲမှာ လှေနစ်မြုပ်ပြီး ဒုက္ခရောက်နေတဲ့ နိုင်ငံကူးပြောင်း ဒုက္ခသည် ၁၅၀ ကို ကယ်တင်ဖို့ သင်္ဘောစေလွှတ် ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR