အာဆင်းကို စိတ်ပျက်ခဲ့ရပြီး အာဆင်နယ် အသင်း ကနေ ထွက်ခွာဖို့ ဖြစ်စေခဲ့တဲ့ ပွဲတစ်ပွဲ အကြောင်းပြောကြားလိုက်တဲ့ ဂန်းနားဂန္တဝင် ရောဘတ်ပီရက်စ်

ရောဘတ်ပီရက်စ် က သူ့ရဲ့ အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးရာသီ အကြောင်း ပြန်ပြောင်း ပြောကြား လိုက်ပြီး အာဆင်နယ် ကနေ ထွက်ခွာဖို့ ဖြစ်စေခဲ့တဲ့ ပွဲတစ်ပွဲ အကြောင်း ပြောကြား သွားခဲ့ပါတယ် ။

ပီရက်စ် ဟာ အာဆင်နယ် အသင်း ဖလားအောင်မြင်မှုတွေ အကြီးအကျယ် ရရှိခဲ့တဲ့ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလမှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့သူ ဖြစ်ပြီး ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပါတယ် ။

 

 

ဒါပေမယ့် အားလုံး သိကြတဲ့ အတိုင်း ဘာစီလိုနာ နဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ် အသင်း ဂိုးသမား လေမန်းဟာ အနီကဒ် နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ် ။ ဒါကြောင့် အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါး ဟာ လူစားလဲမှု ပြုလုပ်ခဲ့ရပြီး ပီရက်စ် ကို ထုတ်ပြီး အယ်မူနီယာ ကို ထည့်ခဲ့ရပါတယ် ။

ပီရက်စ်ကတော့ သူ့ကို လူစားလဲ ခဲ့တဲ့ အာဆင်းရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက် ခဲ့ရကြောင်း ပြောကြားလိုက်ပြီး အဲ့ဒီပွဲအပြီးမှာပဲ အာဆင်နယ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့ကြောင်း L’Equipe နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

 

 

” အဲ့ဒီ အချိန်တုန်းက ကျွန်တော့်ကို လူစားလဲမယ်မှန်း လုံးဝ မထင်ထားခဲ့မိပါဘူး ၊ ဒါကြောင့်ကျွန်တော် အာဆင်းကို ကြည့်တောင် မကြည့်ပါဘူး ၊ အလက်ဇန္ဒား ဟှဘ် ဒါမှမဟုတ် ဖာဘရီဂက်စ် ကို လူစားလဲမယ်လို့ပဲ ကျွန်တော်က ထင်နေခဲ့တာပါ ။ ”

” ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က တိုက်စစ်ကို ပံ့ပိုး ပေးနိုင်ပြီး အွန်နရီ နဲ့လည်း နည်းစနစ်ပိုင်း အချိတ်အဆက်မိမိ ကစားနိုင်တဲ့သူလေ ၊ ကျွန်တော် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သွေးနားထင် ရောက်ပြီး ပြောတာ မဟုတ်ပါဘူး ။ ”

” အဲ့တာကြောင့် ကျွန်တော်လည်း ကွင်းထဲမှာ အေးဆေးဘဲ ယုံကြည်မှု အပြည့်နဲ့ ရပ်နေ ခဲ့ပါတယ် ၊ နောက်တော့ တီတီ ( အွန်နရီ ) က ကျွန်တော့်ကို လူစားလဲမှာ ဖြစ်တဲ့ အကြောင်း ပြောလာပါတယ် ။ ဘာတုန်းဟ ဆိုပြီး အံ့ဩသွားခဲ့ရသလို လူစားလဲဘုတ်ကိုကြည့်လိုက်တော့လည်း ကျွန်တော့် နံပါတ် ၇ ကို တွေ့တာပါပဲ ။ ”

” တကယ့်ကို စိတ်မသက်သာ ဖြစ်ခဲ့ရတာပါပဲဗျာ ၊ ကျွန်တော် မန်နေဂျာ ရှေ့က ဖြတ်လျှောက် ခဲ့ပါတယ် ၊ ကျွန်တော်တို့ နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မကြည့်ကြပါဘူး ၊ ကျွန်တော် အရန်ခုံတန်းကို သွားပြီး ထိုင်နေခဲ့ပါတယ် ၊ စိတ်တော့ အတော်တို နေတာပေ့ါဗျာ ။ ”

” စိတ်ပြေသွားဖို့ စောင့်ခဲ့ရပါတယ် ၊ နောက်တော့ ကျွန်တော် ဖြစ်ချင်တာက အသင်း အနိုင်ရဖို့ပဲလေ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြော ခဲ့ပါတယ် ။ အဲ့ဒီပွဲအပြီး ၂ ရက် အကြာမှာပဲ ကျွန်တော် အာဆင်နယ် ကနေ ထွက်တော့မယ့် အကြောင်း အာဆင်းကို ပြောခဲ့ပါတယ် ။ ”

” အာဆင်း ဘက်က ကျွန်တော် ထွက်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားပါဘူး ၊ ဗိုလ်လုပွဲ အပြီး ရက်သတ္တပတ်က ကျွန်တော့် အတွက် ဆိုးရွားလွန်းတဲ့ ရက်သတ္တပတ်ပါပဲ ၊ ကမ္ဘာ့ဖလား လူစာရင်းမှာလည်း အရွေးမခံရသလို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း ၁၇ မိနစ်ပဲ ကစားခဲ့ရပြီး အသင်းကလည်း ရှုံးသွားခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပီရက်စ် နဲ့ အာဆင်ဝင်းဂါး ရဲ့ ဆက်ဆံရေးဟာ ပီရက်စ် တစ်ယောက် ကစားသမား ဘဝက အနားယူပြီး အာဆင်နယ် ကို ပြန်လာချိန်မှာ အဆင်ပြေသွားခဲ့ပါတယ် ။ ပီရက်စ် ဟာ အာဆင်နယ် အသင်းမှာ လေ့ကျင့်ခန်း ဆင်းပြီး အာဆင်းဆီက နည်းပြ ပညာကို လေ့လာ သင်ယူ ခဲ့ပါတယ် ။ အဲ့ဒီနောက်ပိုင်းမှာ ပီရက်စ် ဟာ နည်းပြ တာဝန်တွေကို ရယူ ခဲ့ပေမယ့် ခုချိန်ထိ အသင်းကြီး တစ်သင်းရဲ့ နည်းပြ အဖြစ်တော့ မကိုင်တွယ်ဖူးသေးပါဘူး ။

SM