သူ့ဘ၀ ရဲ့ အဖြစ်ချင်ဆုံး အိပ်မက် ပြည့်မြောက်ခဲ့ပြီလို့ ဝမ်းသာမျက်ရည်တွေနဲ့ မက်ဆီ ပြောဆို

လီယွန်နယ် မက်ဆီ ဟာ ဒီကနေ့ နံနက် ( တောင်အမေရိက ညခင်း ) မှာ ကစား ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် ဟက်ထရစ် သွင်းယူ ပေးခဲ့ ပါတယ် ။

အာဂျင်တီးနား က ဘိုလီဗီးယား ကို ၃ – ၀ နဲ့ အနိုင် ရခဲ့တဲ့ ဒီပွဲမှာ မက်ဆီ က ပဲ အာဂျင်တီးနား ရဲ့ ဂိုးအားလုံးကို သွင်းယူ ပေးခဲ့ တာပါ ။

ဒီဂိုးတွေကြောင့် အာဂျင်တို့ ၃ မှတ် ရခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ အတွက် တလှမ်း ပိုမို နီးကပ် သွားခဲ့ပါတယ် ။

မက်ဆီ ကိုယ်တိုင် လည်း စံချိန်သစ် တခုကို ရယူ ပိုင်ဆိုင်နိုင်ခဲ့ တာပါ ။

 

အဲ့ဒိ စံချိန် ကတော့ တောင်အမေရိက သားတွေ အထဲမှာ လက်ရွေးစင် သွင်းဂိုး အများဆုံး ဆိုတဲ့ စံချိန် ပါပဲ ။

ဒီစံချိန် ကို အရင်တုန်းက ဘရာဇီး ဘောလုံး ဂန္ထဝင်ကြီး ပီလီ က ၇၇ ဂိုး နဲ့ ရယူ ထားခဲ့တာပါ ။

ဒီကနေ့ မှာတော့ မက်ဆီ ဟာ ပွဲအစ ၁၄ မိနစ် မှာပဲ ဂိုး စသွင်း ခဲ့ပြီး ပီလီ ရဲ့ ၇၇ ဂိုး စံချိန် ကို အမီ လိုက်နိုင် ခဲ့ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ ၆၄ နဲ့ ၉၀ မိနစ် တို့မှာတော့ နောက်ထပ် ၂ ဂိုး ထပ်သွင်းပြီး စုစုပေါင်း ၇၉ ဂိုး နဲ့ စံချိန်သစ် ကို တဦးတည်း ရယူ ပိုင်ဆိုင် သွားနိုင် ခဲ့ ပါတယ် ။

 

ဒါပေမယ့် ဒီလို ထူးရှယ် စံချိန်ကောင်း ရယူ နိုင်ခဲ့တာထက် ပိုပြီး ဝမ်းမြောက် ဖွယ်ရာ ကိစ္စ တခု မက်ဆီ မှာ ရှိနေ ခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ ကိုပါအမေရိက ဖလားကြီး ပါပဲ ။

မက်ဆီ ဟာ သူ့ရဲ့ ကစားသမား ဘ၀ တလျောက် မှာ နိုင်ငံ အသင်းနဲ့ အဓိက ဆုဖလားတွေ မရရှိ ခဲ့မှု အပေါ် မကြာခဏ ထောက်ပြ ဝေဖန် ခံခဲ့ရ ပါတယ် ။

မက်ဆီ ကိုယ်တိုင်လည်း အနားမယူခင် မှာ အာဂျင်တီးနား နဲ့ အဓိက ဆုဖလား တခုခု ရယူဖို့ စိတ်ဆန္ဒ ပြင်းပြ နေခဲ့တာပါ ။

ဒီဆန္ဒတွေ ဟာ ၂၀၂၁ ခုနှစ် မှာတော့ ပြည့်မြောက် သွားခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ဇွန် – ဇူလိုင် လ အတွင်းမှာ ကျင်းပ ခဲ့တဲ့ ကိုပါ အမေရိက ပြိုင်ပွဲ မှာတော့ အာဂျင်တီးနား အသင်း ဗိုလ်စွဲ ခဲ့ပြီး မက်ဆီ က အသင်းခေါင်းဆောင် အဖြစ် နဲ့ ဒီဆုဖလားကြီးကို ကိုင်မြှောက်ခွင့် ရရှိခဲ့ ပါတယ် ။

 

ဒီကနေ့ ပွဲစဉ် အပြီး မှာတော့ အာဂျင်တီးနား အသင်းဟာ သူတို့ ရယူ လာနိုင်ခဲ့တဲ့ ဆုဖလားကြီး ကို အမိမြေပေါ် က အားကစားကွင်းကြီး ထဲ မှာ ပထမဆုံး အကြိမ် ပြသ အောင်ပွဲ ခံ နိုင်ခဲ့ ပါတယ် ။

ကိုဗစ် စည်းမျဉ်း စည်းကမ်းတွေကြောင့် အာဂျင်တီးနား နိုင်ငံ က ပရိသတ်တွေဟာ ကိုပါ အမေရိက ပြိုင်ပွဲကို လိုက်ပါ မကြည့်ရှု ခဲ့ရ ပါဘူး ။

ဒါကြောင့် ဒီနေ့ အောင်ပွဲ ခံမှု ဟာ လွန်ခဲ့တဲ့ ၂ လ တုန်းက အကြွေးကို ပြန်ဆပ် ခဲ့တာ ဖြစ်ပြီး ကွင်းပြည့် နီးပါး ရှိတဲ့ ပရိသတ်တွေ ရဲ့ ရှေ့မှောက်မှာ အာဂျင်တီးနား ကစားသမားတွေဟာ ဆုဖလားကြီး နဲ့ ပျော်ရွှင် ခဲ့ကြပါတယ် ။

 

ဒီအထဲ မှာတော့ မက်ဆီ ဟာ အားလုံးထဲမှာ အပျော်ဆုံး တယောက် ဖြစ်နေမှာ အသေအချာပါပဲ ။

ဒါဟာ သူ့ရဲ့ တဘဝလုံး တောင့်တ လာခဲ့တဲ့ အကြီးမားဆုံး အိပ်မက် လည်း ဖြစ်ခဲ့တယ်လို့ မက်ဆီ က ဖွင့်ဟ ပြောပြ သွားခဲ့ ပါတယ် ။

အဲ့ဒိလို ပြောဆို နေစဉ်မှာ မက်ဆီ ဟာ သူ့ရဲ့ ဝမ်းမြောက်မှု ကို ဖုံးဖိမထား နိုင်ဘဲ မျက်ရည်တွေ ကျတဲ့ အထိ ဖြစ်ခဲ့ရ ပါတယ် ။

မက်ဆီ အတွက်တော့ ဒီ အင်တာဗျူး ဖြေနေတဲ့ အချိန်ခဏ လေးဟာ သူ့ရဲ့ ကစားသမား ဘ၀ တလျောက် ဖြတ်သန်းခဲ့ရတဲ့ အချိန် အကြာကြီး လို ဖြစ်နေမှာပါ ။

 

“ဒီပျော်ရွှင်မှုမျိုးကို ကျွန်တော် အရမ်း အရမ်းကို တောင့်တ ခဲ့တာပါ ။ ဒီအခိုက် အတန့် အတွက် ကျွန်တော် စောင့် နေခဲ့တာ ကြပါပြီ ။

ဒါဟာ ကျွန်တော့ ရဲ့ အိပ်မက် ပါ ။

အခု ဒါက အမှန်တကယ် ဖြစ်လာပါပြီ ။ တကယ့်ကို အကြာကြီး စောင့်ခဲ့ ရတာပါ”

 

“ကိုယ့်မြေ ၊ ကိုယ့်ရေ ပေါ်က ကိုယ့်ပရိသတ်တွေ ရဲ့ ရှေ့မှာ အောင်ပွဲ ခံရတာလောက် ကောင်းတဲ့ အရာမရှိ ပါဘူး ။

ကျွန်တော့ အမေ ၊ ကျွန်တော့ ညီကိုတွေ ၊ မိတ်ဆွေ တွေ ၊ ပရိသတ်တွေ . . . နေရာတိုင်းမှာ အာဂျင်တီးနား တွေပါပဲ ။

သူတို့ဟာ ဒီနေ့ ဒီလို နေရာမှာ အောင်ပွဲ ခံနိုင်ဖို့ အတွက် နှစ်တွေ အကြာကြီး စောင့်ဆိုင်းခဲ့ ရတာပါ ။

ခါးသီးတဲ့ နေ့ရက်တွေကို ကျွန်တော်တို့ နဲ့ အတူ သည်းခံ ဖြတ်ကျော် ခဲ့ကြပါတယ် ။

ဒီအောင်ပွဲဟာ သူတို့ နဲ့ လုံး၀ ထိုက်တန် ပါတယ် ။

ကျွန်တော်လည်း အရမ်းပျော်ပါတယ်” လို့ မက်ဆီ က အင်တာဗျူး မှာ ဖြေကြား သွားခဲ့ ပါတယ် ။

 

နိုင်ငံ တကာ ပွဲစဉ် ကာလ ပြီးဆုံး သွားပြီ ဖြစ်တာကြောင့် မက်ဆီ ဟာ အာဂျင်တီးနား ကနေ ပြင်သစ် ကို ပြန်ရ တော့မှာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် ပွဲပန်း ၊ ခရီးပန်း နိုင်တာကြောင့် ဒီတပတ် ကစားမယ့် ပြင်သစ် လိဂ် ပွဲစဉ် ကိုတော့ မက်ဆီ ပါဝင် ကစားဖို့ မရှိ နိုင်ပါဘူး ။

 

SPORTS MYANMAR