Transfer Deadline Day အတွက် နောက်ဆုံးရ အပြောင်းအရွှေ့ နဲ့ သတင်းများ

ဥရောပ ဘောလုံး လောက ရဲ့ နွေရာသီ အပြောင်းအရွှေ့ ကတော့ ဒီကနေ့ည ( မြန်မာ စံတော်ချိန် မနက်ဖြန် နံနက် ) မှာ ပြီးဆုံး ပိတ်သိမ်း တော့မှာ ဖြစ်ပါတယ် ။ Deadline နေ့ရဲ့ သဘာ၀ အတိုင်း ကလပ် အသင်းတွေဟာ ကစားသမား ခေါ်ယူ ရောင်းချမှုတွေ ကို မြန်မြန်ညှိနှိုင်း မြန်မြန် ဆောင်ရွက် နေကြပြီး မထင်မှတ်တဲ့ အပြောင်းအရွှေ့တွေ လည်း ဖြစ်ပေါ်လေ့ ရှိပါတယ် ။

ဒါကြောင့် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက် အတွက် မြန်မာစံတော်ချိန် ည ၆ နာရီ အထိ ရရှိထားသမျှ သတင်းတွေ ကို စုစည်း ဖော်ပြ ပေးလိုက်ရ ပါတယ် ။

အာဆင်နယ် အသင်းဟာ ဘိုလော့နာ အသင်းရဲ့ ဂျပန် လက်ရွေးစင် ညာနောက်ခံလူ တိုမီယဆု ကို ခေါ်ယူ ဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရ ပါတယ် ။ ဗဟို ခံစစ်မှာရော ညာနောက်ခံလူ အဖြစ် နဲ့ပါ ကစားနိုင်တဲ့ တိုမီယဆု အတွက် အာဆင်နယ် ဟာ ယူရို သန်း ၂၀ + အပိုဆုကြေး ယူရို ၃ သန်း ပေးချေ သွားမယ်လို့ သိရ ပါတယ် ။

အာဆင်နယ် ဟာ ဒီကနေ့ မှာ ကစားသမား ၃ ဦး အထိ အသင်းကနေ ထွက်ခွာ သွားနိုင်ချေ ရှိနေပြီး စပိန် နောက်ခံလူ ဟတ်တာ ဘယ်လာရင် လည်း ပါဝင် နိုင်တယ်လို့ သတင်းကြီးနေခဲ့ ပါတယ် ။

အဲဗာတန် အသင်းကို ပြောင်းရွှေ့ဖို့ ပျက်ပြယ် ခဲ့မှု အပေါ် ဆိုရှယ် မီဒီယာ ထက်မှာ တက်ရောက် ရေးသားခဲ့ အပြီးမှာတော့ အာဆင်နယ် အသင်းရဲ့ လူငယ်လေး မစ်လန်းနိုင်းလ် ဟာ စီနီယာ အသင်းနဲ့ လေ့ကျင့်ခွင့် ပိတ်ပင် ခံလိုက်ရတယ် လို့လည်း သိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်းရဲ့ နောက်ခံလူ အူပါမီကာနို ဟာ ဒဏ်ရာကြောင့် လာမယ့် စက်တင်ဘာ အတွင်း ကစားမယ့် ပြင်သစ် အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ကွင်းလယ်လူ ပီယာနစ် ကို ဒီကနေ့ အပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ အသင်း ကနေ ရှင်းထုတ် နိုင်ဖို့ လည်း လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။ ဒါပေမယ် ယခု အချိန်ထိတော့ ပီယာနစ် အတွက် ကမ်းလှမ်းလာမှု မရှိသေးပါဘူး ။

ဘာစီလိုနာဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီ ကို ခေါ်ယူဖို့ စဉ်းစား လာတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။ ဒါပေမယ့် နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကတော့ ကာဗာနီ ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အစီအစဉ်ထဲမှာ ရှိနေဆဲ ဖြစ်ပြီး ဒီကနေ့ မှာ အသင်းပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ဖော်ပြ သွားခဲံ ပါတယ် ။

ဘရိုက်တန် အသင်းကတော့ ဂီတာဖေး ရဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူကာ ၂၀၂၆ ခုနှစ် အထိ စာချုပ် ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

လီဗာပူး အသင်းရဲ့ နောက်ခံလူ ရိုင်း ဝီလ်ယံ ဟာလည်း ဆွမ်းဆိ စီးတီး အသင်းထံ ရာသီကုန် အထိ အငှား ပြောင်းရွှေ့ သွားပြီလို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်းကတော့ တိုက်စစ်မှူးဟောင်း မွိုက်စ်ကင်း ကို ၂ နှစ်အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ အဲဗာတန် အသင်း ထံကနေ ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ် ။

ဂျာမန် ကလပ် လိုက်ပ်ဇစ် ဟာ ဘာစီလိုနာ ကစားသမားလေး မိုရီဘာ ကို ခေါ်ယူဖို့ စိတ်ကူး နေပြီး ဘာစီလိုနာ ကလည်း လိုက်ပ်ဇစ် ရဲ့ စပိန် ရှေ့တန်းလူ ဒါနီ အိုလမို ကို ပြန်လည် ခေါ်ယူလို နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကတော့ CSKA မော်စကို ရဲ့ ခရိုအေးရှား တိုက်စစ်မှူး နီကိုလာ ဗလာစစ် ကို ပေါင် ၃၅ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

လက်စတာ စီးတီး အသင်းကလည်း လိုက်ပ်ဇစ် ကစားသမား အဒီမိုလာ လွတ်မန်း ကို အငှား ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရ ပါတယ် ။

ချဲလ်ဆီး အသင်း ကလည်း ကွင်းလယ်လူ ဒန်နီ ဒရင့်ဝါးတား ကို ရီးဒင်း အသင်းထံ အငှား စေလွှတ် လိုက်တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . ။

SPORTS MYANMAR