မန်နေဂျာ ဘ၀ 1000 ပြည့် ပွဲစဉ်ကို အနိုင်ရလို့ အပြေးအလွှား အောင်ပွဲခံပြခဲ့တဲ့ Special ONE

မန်နေဂျာ တယောက် အတွက် ပွဲပေါင်း 1000 အထိ ကိုင်တွယ်ခွင့် ရရှိဖို့ အတွက် ဆိုတာ တော်တော်လေးကို ရှားပါးတဲ့ အခွင့်အရေးမျိုး ဖြစ်ပါတယ်။

အရည်အသွေးမြင့် ထိပ်တန်း နည်းပြ တစ်ဦး ဖြစ်နေသည့်တိုင်အောင် သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ အချိန်ကာလ နဲ့ ပြောင်းလဲလာတဲ့ ဘောလုံးလောက ရဲ့ အယူအဆတွေ ၊ အတွေးအခေါ်တွေ နဲ့ လိုက်ရော ညီထွေလုပ်ဆောင်နိုင်မှသာ ရေရှည် အောင်မြင်တဲ့ ဂုဏ်ပုဒ် တခုကို ကိုင်ဆုပ်နိုင်မှာပါ။

ကမ္ဘာ့ အားကစား မီဒီယာ လောက ကို လွှမ်းမိုးထားတဲ့ အင်္ဂလန် မီဒီယာတွေ ရဲ့ ရှေ့မှောက်မှာ သူ့ကိုယ်သူ Special ONE လို့ မိတ်ဆက်ခဲ့တဲ့ မော်ရင်ဟို ဟာ မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ရိုးမား နဲ့ ဆတ်ဆူလို အသင်းတို့ ပွဲစဉ်မှာတော့ မန်နေဂျာ ဘ၀ စုစုပေါင်း ပွဲ 1000 ပြည့်မြောက်သွားခဲ့ ပါပြီ။

သူဟာ မန်နေဂျာဘ၀ ဖြတ်သန်းခဲ့တဲ့ ကာလ အတွင်း ဥရောပ ထိပ်သီးလိဂ် 5 ခုထဲက ပရီးမီးယားလိဂ် ၊ စီးရီးအေ နဲ့ လာလီဂါ ဖလားတွေ ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် ၊ ချန်ပီယံလိဂ် ဖလားကြီးကိုလဲ ပေါ်တို ၊ အင်တာ မီလန် အသင်းတွေ နဲ့ အတူ ဆွတ်ခူးပြခဲ့ ပါတယ်။

နည်းပြ ဘ၀ လောကထဲကို မရောက်လာခင် ဆာ ဘော်ဘီ ရော့ဘ်ဆင် ၊ လူးဝစ် ဗန်ဟား တို့ရဲ့ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ခဲ့သလို ၊ ဘင်ဖီကာ အသင်းကို 6 လ ကာလတို စာချုပ် နဲ့ စတင် ကိုင်တွယ်ကာ မန်နေဂျာ ဘ၀ ကလန့်ကာ အဖွင့်တွေကို စတင်ခဲ့ပါတယ်။

သူ့ရဲ့ နာမည်ကို တကမ္ဘာလုံး က ဘောလုံးပရိသတ်တွေ သတိထားမိစေခဲ့တာ ကတော့ ပေါ်တို အသင်းကို ရောက်ရှိချိန်မှ ဖြစ်ပြီး ၊ အဲဒီ အချိန်က ဥရောပ ရဲ့ အင်အားအတောင့်တင်းဆုံး အသင်းတွေကို ဆက်တိုက် ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဖလားကြီး ကို ဆွတ်ခူးပြခဲ့တာကြောင့် ဘောလုံးပရိသတ်တွေ အကြား ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရပါတယ်။

ငယ်ရွယ်ပြီး ၊ စကားလုံးကလဲ ကြီးကြီးကျယ်ကျယ် ပြောတတ်တာကြောင့် ဘောလုံးလောကဟာ မော်ရင်ဟို ကြောင့် ပွဲတွေ ခဏခဏ ဆူခဲ့ရပါတယ်။ ပွဲမကစားခင် အချိန်အတွင်း စကားလုံး တိုက်ပွဲတွေ ဆက်တိုက် ဆင်နွှဲလေ့ရှိသူ ဖြစ်သလို ၊ ပြိုင်ဘက် ကိုလဲ ဘယ်လို စကားလုံးတွေ နဲ့ ထိုးနှက် တိုက်ခိုက်ရမယ် ဆိုတာ ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားတဲ့ လူမျိုးလဲ ဖြစ်ပါတယ်။

အပြောနဲ့ အဟော က လက်တွေ့ကျသလို မန်နေဂျာ ဘ၀ တလျှောက် စုစုပေါင်း ဆုဖလား 33 လုံး အထိ ဆွတ်ခူးထားနိုင်ခဲ့တာ ကြည့်ရင်ပဲ သမိုင်းကြောင်းထဲက အအောင်မြင်ဆုံး နည်းပြ တယောက် အဖြစ် အကြွင်းမဲ့ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဆတ်ဆူလို နဲ့ ပွဲဆိုရင် နာကျင် အချိန်ပို ရောက်မှ အယ်ရှာရာဝီ က အဝေးကန်ချက် နဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် ၊ မော်ရင်ဟို ဟာ ကွင်းဘေးကနေ ပတ်ပြေးရင်း ကစားသမားတွေ နဲ့ အတူတူ အလွန်အကျူး အောင်ပွဲ ခံပြသွားခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ အနိုင်ရလိုစိတ် ပြင်းပြမှုနဲ့ မြက်ခင်းစိမ်းတွေ အပေါ် ဘယ်လောက်အထိ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ထားလဲ ဆိုတာကို လှစ်ပြသွားတာမျိုးလဲ ဖြစ်ပါတယ်။

ပွဲအပြီး သတင်းထောက်တွေ နဲ့ တွေ့ဆုံချိန်မှာတော့ ပေါ်တူဂီ သားကြီး က “ ကျနော် က လူတိုင်းကို လိမ်ပြောထားခဲ့တာပါ။

ဒီပွဲဟာ ကျနော့် ရဲ့ ပွဲပေါင်း 1000 ပြည့်မြောက်တဲ့ ပွဲဆိုပေမယ့် သိပ်ပြီး အရေးပါတဲ့ ပွဲမျိုး မဟုတ်ဘူးလို့ တသင်းလုံးကို ကြိုပြောထားခဲ့တာလေ။ ဒါပေမယ့် စိတ်ထဲမှာတော့ ဒီပွဲမှာ ရှုံးနိမ့်ရမှာကို အရမ်း စိုးရိမ်နေခဲ့ပါတယ်။

ကံကောင်း ထောက်မစွာနဲ့ပဲ နိုင်ပွဲရလိုက်တော့ ကျနော်ဟာ ချာတိတ်တယောက်လို ပြေးလွှားပြီး အောင်ပွဲခံခဲ့တာပေါ့ဗျာ ဘာလို့လဲ ဆိုတော့ ကိုယ့်ကိုယ်ကို 12 နှစ်သားလေးလို့ပဲ မှတ်ယူထားတာလေ ၊ 58 နှစ် မဟုတ်ပါဘူး” လို့ ရင်ဖွင့် သွားခဲ့ပါတယ်။

ဒီပွဲ အနိုင်ရလာဒ်ကြောင့် ရိုးမား အသင်းဟာ စီးရီးအေ 3 ပွဲ ကစားအပြီး 3 ပွဲ စလုံး အနိုင်ရရှိကာ အမှတ်ပေးဇယား ရဲ့ ထိပ်ဆုံးမှာ ရပ်တည်လျှက် ရှိနေပါတယ်။

မော်ရင်ဟို ရဲ့ နည်းပြဘ၀ စွမ်းဆောင်ရည် မှတ်တမ်း –
ပွဲပေါင်း – 1000
နိုင်ပွဲ – 639 ပွဲ
သရေ – 198 ပွဲ
ရှုံး – 162 ပွဲ
ဆုဖလားပေါင်း – 33 ခု

ကိုင်တွယ်ခဲ့တဲ့ အသင်းများ –

ဘင်ဖီကာ
Uniao De Leiria
ပေါ်တို
ချဲဆီး
အင်တာ မီလန်
ရီးရဲ မက်ဒရစ်
ယူနိုက်တက်
စပါး
ရိုးမား

SM