ဗြိတိန် ရဲ့ သူရဲကောင်းသစ် ဖြစ်လာခဲ့တဲ့ အမ်မာ ရာဒူကနူ

ဗြိတိန် တနိုင်ငံလုံး အုန်းအုန်း ကြွက်ကြွက် ဖြစ်နေကြပါပြီ ။

အားလုံးက အမ်မာ ရာဒူကနူ အိမ်ပြန် လာမယ့် နေ့ကို ကြိုဆိုဖု့ိ အသင့် ဖြစ်နေကြပုံ ပါပဲ ။

ယူအက်စ် အိုးပင်း ဖိုင်နယ် ပြီးသွားတာ ၂ ရက်တောင် ရှိပြီ ဖြစ်ပေမယ့် အောင်ပွဲခံတာ တွေ ကတော့ ခုထိ အရှိန် မကျသေး ပါဘူး ။

အင်္ဂလန် ရဲ့ တော်ဝင် မိသားစု က အစ အောက်ခြေ လူတန်းစားတွေ အထိ ရာဒူကနူ မှ ရာဒူကနူ ဖြစ်နေကြတာပါ ။

ဗြိတိန် အခြေစိုက် သတင်းတွေ မှာလည်း သူမ ရဲ့ အကြောင်းတွေ ချည်းပါပဲ ။

၁၈ နှစ်နဲ့ နိုင်ငံ့ သူရဲကောင်း ဖြစ်လာခဲ့ရတဲ့ အမ်မာ ရာဒူကနူ အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ ဖြစ်လာခဲ့ ပါပြီ ။

 

အမှန်တကယ်တမ်း ပြောရရင်တော့ ဂရန်းစလမ်း တင်းနစ်ချန်ပီယံ ဆု ကို တကြိမ်ရဖူး တာဟာ အရမ်းကြီး ချီးမြှင့် မြောက်စား ရလောက်အောင် မဟုတ်ပါဘူး ။

ဒါပေမယ့် ဗြိတိန်တွေဟာ အောင်ပွဲကို ငတ်မွတ် နေပါပြီ ။

ပြီးခဲ့တဲ့ ဇူလိုင် တုန်းက သူတို့ရဲ့ အချစ်တော် ဘောလုံး အသင်းဟာ သူတို့မြေ ၊ သူတို့ အရှေ့မှာတင် အောင်ပွဲ နဲ့ လက်တကမ်း အလိုမှာ ရှုံးနိမ့် ခဲ့တာပါ ။

ဒီဒဏ်ရာက အခုထိ မကျက်သေးပါဘူး ။ ဒီလို အချိန်မှာ ရာဒူကနူ က အောင်ပွဲခံ နိုင်ခဲ့တာပါ ။

ဒါကြောင့် ( နိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲ မဟုတ်သော်ငြား ) တနိုင်ငံလုံး ဝက်ဝက်ကွဲ အောင်ပွဲခံ တော့တာပါပဲ ။

 

ဗြိတိန်ဟာ အမျိုးသမီး တင်းနစ် ပြိုင်ပွဲတွေမှာ မအောင်မြင် ခဲ့တာ ကြာပါပြီ ။ ဂရန်းစလမ်း မှာ နောက်ဆုံး ဗိုလ်စွဲ ခဲ့တာက ၁၉၇၇ ပါ ။ ဒါကြောင့်လည်း အမ်မာ ရဲ့ အောင်ပွဲ က အရမ်းကို ကြီးမား သွားခဲ့ တာပါပဲ ။

အခုချိန်မှာတော့ ဗြိတိန် တနိုင်ငံ လုံးမှာ အမ်မာ ရာဒူကနူ ဆိုတဲ့ အမည်ကို မသိတဲ့သူ ၊ မကြားဖူးတဲ့သူ မရှိသလောက် ဖြစ်သွားခဲ့ ပါပြီ ။

သူမ ရဲ့ ဖိုင်နယ်ပွဲကို ဗြိတိန် တခုတည်းကတင် ကြည့်ရှုသူ ၉ သန်း ရှိခဲ့ ပါတယ် ။

ဝိုင်းဝန်း ချီးကျူးစာတွေ ရေးခဲ့တာလည်း တပုံတပင်ကြီးပါပဲ ။ ကာယကံရှင် က အကုန်လိုက်ဖတ်ဖို့ တောင် အတော် ကြာလောက်မှာပါ ။

ဒီထဲမှာ ဘောလုံးသမားတွေ ၊ သရုပ်ဆောင်တွေ ၊ အနုပညာရှင်တွေ ၊ အစိုးရ ဝန်ထမ်းတွေ အပြင် နိုင်ငံရဲ့ ဘုရင်မကြီး အစချီတဲ့ တော်ဝင် မိသားစုတွေပါ ပါခဲ့ပါတယ် ။

အင်္ဂလန်က ဘုရင်မကြီးတောင် ကြွေသွားတယ် ဆိုတာ ဒါမျိုးပါ ။

ရိုနယ်ဒို လက်မှတ်ထိုးထားတဲ့ ယူနိုက်တက် ဂျာစီကို တောင်းယူခဲ့တယ်လို့ မဟုတ်မမှန် ကောလဟာလ ထွက်ခဲ့ ပေမယ့် ဒီတကြိမ် မှာတော့ ဘုရင်မကြီး ကိုယ်တိုင် တော်ဝင် အမှတ်တံဆိပ် နဲ့ ဂုဏ်ပြုစာကို ရေးသား ပေးပို့ ခဲ့တာပါ ။

 

အမ်မာ ကတော့ ဒီစာကို ဘောင်ခတ်ပြီး သိမ်းထားမယ်လို့ ဆိုပါတယ် ။

အင်္ဂလန် ပြန်ရောက် လာရင်လည်း CBE ဂုဏ်ထူးဆောင်ဘွဲ့ ကို ချီးမြှင့် ဖို့ စီစဉ် နေကြပါပြီ ။

၁၈ နှစ် နဲ့ ဗြိတိန် ရဲ့ ဂုဏ်ထူးဆောင် ဆုကို ရရှိတော့ မှာပါ ။ အမ်မာ နဲ့ သူ့ရဲ့ မိသားစု အတွက်တော့ ဂုဏ်ယူပြီးရင်း ဂုဏ်ယူ နေရတော့တာပါပဲ ။

 

 

ဒါတွေတင် မကပါဘူး ။ ယူအက်စ် အိုးပင်းမှာ ဗိုလ်စွဲ ခဲ့ အပြီးမှာ အမ်မာ ရာဒူကနူ ဟာ နာမည်ကျော် အားကစား အမှတ်တံဆိပ် Nike နဲ့ ကြေးတိုးပြီး စာချုပ်ရတော့မယ်လို့ သိရ ပါတယ် ။

ကမ္ဘာ့အဆင့် ကလည်း ၁၅၀ ကနေ ၂၃ အထိ ခုန်တက် သွားခဲ့ ပါပြီ ။ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲထဲ စဝင်တဲ့ ဇွန်လ တုန်းက သူမ ရဲ့ အဆင့်က ၃၃၆ ပါ ။ ၃ လ အကြာမှာ ၂၃ ထိ ရောက်လာခဲ့ပါပြီ ။

ဒါဟာ အကြီးမားဆုံး ဆုလာဘ် ပါပဲ ။

ယခင်က ပေါင် ၁ သိန်း လောက်သာ ရခဲ့တဲ့ စပွန်ဆာ ဟာ အခုချိန် မှာတော့ ၁၀ သန်း လောက် အထိ ဖြစ်သွား တော့မယ်လို့ သိရ ပါတယ် ။

ပြိုင်ပွဲက ဆုကြေး ( ပေါင် ၁.၈ သန်း ) အပါအဝင် စပွန်ဆာ အရပ်ရပ်ကနေ ချီးမြှင့်မယ့် ဝင်ငွေ စုစုပေါင်းဟာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နားအထိ ရောက်သွား နိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ် ။

ဒီငွေတွေ ကို ဘာလုပ်မလဲ လို့ အမ်မာ ကို အင်တာဗျူး ချိန် မှာတော့ သူမ က “Airpod အသစ်ဝယ်လို့ ရပြီလေ” လို့ ရိုးသားပွင့်လင်းစွာ ဖြေကြား သွားခဲ့ ပါတယ် ။

ဒီလိုမျိုး ငယ်ဂုဏ် ရှိပြီး ချစ်စရာကောင်းတဲ့ အမူအရာတွေ ကြောင့်လည်း ဆယ်ကျော်သက်တွေ ရဲ့ နှုတ်ဖျားမှာ ရာဒူကနူ ရဲ့ အမည်ဟာ ရေပန်းစား လာခဲ့တာပါ ။

 

ဗိုလ်လုပွဲ မတိုင်ခင်က ပရိသတ် ၁.၂ သန်းသာ ရှိခဲ့တဲ့ သူမ ရဲ့ Instagram အကောင့်ဟာ အခုချိန် မှာတော့ ပရိသတ် ၅ သိန်း ကျော် ထပ်တိုးသွားခဲ့ ပါပြီ ။

ဒါဟာ ဒေါ်လာ သန်းချီတန်တဲ့ ကုန်အမှတ်တံဆိပ် တခု ဖြစ်လာဖို့ရဲ့ အစပါပဲ ။

ဆယ်လီ တယောက် ဖြစ်လာခြင်းဟာ သူမ ကိုယ်တွယ် အသုံးပြုတဲ့ ကုန်ပစ္စည်းတွေ ရဲ့ ရောင်းအား ကိုလည်း တိုးပွားစေခဲ့ ပါတယ် ။

အခုဆိုရင် ဗြိတိန် က ပရိသတ်တွေဟာ အမ်မာ ပြိုင်ပွဲ တလျောက် ဝတ်ဆင် ခဲ့တဲ့ အနီ – အပြာ ဝတ်စုံကို နာမည်ကျော် ရုပ်ရှင် Wonder Woman ထဲက ဝတ်စုံနဲ့ ဆင်တူတယ်ဆိုပြီး ဆိုင်တွေမှာ ဝယ်ယူ အားပေး နေကြပြီလို့ သိရ ပါတယ် ။

ဒါတွေဟာ အားကစား အောင်မြင်မှု တခုရဲ့ ဈေးကွက် အပေါ် သက်ရောက်မှု တခုပါပဲ ။

 

နောက်ထပ် ကြားသိရတာကတော့ ဘီဘီစီ ဟာ ဒီနှစ် အတွက် Sports Personality of the Year ဆု အတွက် စကာတင် စာရင်းမှာ အမ်မာ ရာဒူကနူ ကို ထည့်သွင်း လိုက်တာပါပဲ ။

အမ်မာ ဟာ အိုလံပစ် သူရဲကောင်းတွေ ဖြစ်တဲ့ တွမ်ဒါလေ ၊ အဒမ် ပါတေး တို့နဲ့ ယှဉ်ပြိုင်ရမှာပါ ။

လတ်တလော ရေပန်းစားမှု မှာတော့ အမ်မာ ရာဒူကနူ ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။

တကယ်လို့ သူမသာ ဆုရခဲ့မယ်ဆိုရင် ၁၅ နှစ် အတွင်း SPOTY ဆုကို ရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာမှာပါ ။

လက်ရှိ မှာတော့ အရာရာဟာ အမ်မာ ရာဒူကနူ အတွက် အပေါင်း လက္ခဏာ ဆောင်နေတာတွေ ချည်းပါပဲ ။

ဒီလို ဖြစ်လာဖို့ အတွက်လည်း သူမ အပြင်းအထန် ကြိုးစားခဲ့ရတာပါ ။ ဒီ ချန်ပီယံဆု ၊ ဒီလို ချီးမြှောက်မှုတွေ အတွက် သူမ တကယ် ထိုက်တန်ခဲ့ ပါတယ် ။

ဒါတွေကို သူမ ဘယ်လောက်ထိ စိတ်ဓါတ် ခွန်အား အဖြစ် ရယူ နိုင်မလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့် သွားရမှာပါ ။

 

ဗြိတိန်တွေ ပြောနေတဲ့ စကားအတိုင်း ပြောရရင်တော့ . . . “A star is born” ပါပဲ ။

 

SPORTS MYANMAR