နယူးကာဆယ်နဲ့ ပွဲမှာ မြင်ခဲ့ရတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ကောင်းကွက် နဲ့ ဆိုးကွက်များ

သွင်းဂိုး ၂ ဂိုးနဲ့ အတူ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အိုးထရက်ဖိုဒ့် တကျော့ပြန် ခရီးဟာ လှပစွာ အဆုံးသတ် နိုင်ခဲ့ ပါတယ် ။

နယူးကာဆယ် ကို အနိုင် ရလိုက်တာဟာ အသင်းကို ၁၀ မှတ် နဲ့ အဆင့် ၁ နေရာကို သိမ်းပိုက် နိုင်စေခဲ့ သလို

အသင်းသားတွေ အကြားမှာလည်း ယုံကြည်မှုတွေ ပိုမို ခိုင်မာ စေခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ၃၆ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ဆိုတဲ့ သံသယ နဲ့ ဝေဖန်သံတွေ လည်း တိတ်ဆိတ် သွားခဲ့ ပါတယ် ။

 

ရိုနယ်ဒို ရဲ့ ၂ ဂိုး စလုံးဟာ ပွဲရဲ့ အရေးပါ တဲ့ အခိုက်အတန့် တွေ ဖြစ်ခဲ့ ပါတယ် ။ အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် ကိုပါ ။

ပထမပိုင်း တပိုင်းလုံး ထိုးဖောက်ရ ခက်ခဲ နေပြီး ဂိုးမသွင်း နိုင်ဖြစ်နေ ချိန်မှာ ရိုနယ်ဒို က အဖွင့်ဂိုး သွင်းပြီး ဖိအား လျော့စေခဲ့ ပါတယ် ။

၁-၁ ဖြစ်သွားပြီး ၅ မိနစ် အကြာမှာလည်း ရိုနယ်ဒို က ပဲ ၂-၁ ပြန်ဖြစ်အောင် လုပ်ပေးခဲ့ပြီး အသင်းသားတွေရဲ့ ဖိအားကို နောက်တကြိမ် လျော့ချ ပေးခဲ့ပါတယ် ။

ဒီ ဒုတိယဂိုးသာ မြန်မြန် မရခဲ့ဘူး ဆိုရင် ပွဲရလဒ် က ဒီလိုမျိုး ဖြစ်ချင်မှ ဖြစ်သွားမှာပါ ။

ဒါဟာ ရိုနယ်ဒို တယောက် ဘာကြောင့် ရောက်လေရာ အသင်းတိုင်းရဲ့ အရေးပါသူ ဖြစ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်း ရဲ့ အဖြေလို့ ပြောလို့ ရနိုင်ခဲ့ ပါတယ် ။

 

၂ ဂိုးသွင်းပြီး မိနစ် ၉၀ ပြည့် ကစားခဲ့တာဟာ ပေါ်တူဂီသားကြီး အတွက် တကယ့်ကို မှတ်ကျောက် တင်ချင် စရာပါပဲ ။

ဒါပေမယ့် နယူးကာဆယ် နဲ့ ပွဲမှာ ရိုနယ်ဒို ဆီက ကောင်းကွက်တွေချည်း မြင်ခဲ့ရတာ မဟုတ်ပါဘူး ။ အားနည်းချက် တခု ကိုလည်း တွေ့ခဲ့ရ ပါတယ် ။

အဲ့ဒါ ကတော့ ကာယပိုင်း အားနည်းချက်ပါ ။

အားလုံး သိကြတဲ့ အတိုင်း ရိုနယ်ဒို ဟာ လူကာကူ ၊ ဇလာတန် ၊ ဂျီရူး တို့လို အထောင် တိုက်စစ်မှူး စစ်စစ် တယောက် မှာ ရှိတဲ့ ကာယတောင့်တင်း သန်မာမှု မရှိနေ ပါဘူး ။

ဒီလို ပြောကြလို့ ရိုနယ်ဒို ရဲ့ အဆီပို မရှိ ၊ ကြွက်သား အပြိုင်းပြိုင်း ထနေတဲ့ ဘော်ဒီကို သွားမြင်ပြီး သံသယ ဖြစ်နေကြမှာပါ ။

မဆိုင်ပါဘူး ၊ ရိုနယ်ဒို မှာ အဆီပို မရှိ ၊ ကြွက်သား အပြည့် ဖြစ်နေတာဟာ ကာယပိုင်း အားကောင်းမှုနဲ့ တိုက်ရိုက် အချိုးကျ မနေပါဘူး ။ သူ့ရဲ့ ကြံ့ခိုင် သန်စွမ်းမှု ကိုပဲ အပြည့်အ၀ အထောက်အကူ ပြုပေး နေတာပါ ။

 

ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ရိုနယ်ဒို ဟာ လူကာကူ တို့လို hold-up မကစားနိုင်ဘူး လို့ ပြောချင်တာပါ ။

နောက်တန်းကနေ ကန်တင် လိုက်တဲ့ ဘောလုံး ၊ ပေးပို့လိုက်တဲ့ ဘောလုံးကို ပြိုင်ဘက် ဂိုး ကို ကျောပေးပြီး ထိန်းထားမယ် ။ ဝင်လုတဲ့ နောက်ခံလူ ကို တွန်းထားပြီး ရှေ့တက် လာတဲ့ ကိုယ့်လူတွေ နဲ့ ချိတ်ဆက် ကစားမယ် ၊ ဒါက Hold-up Play ပါ ။

ရိုနယ်ဒို မှာ အဲ့ဒိလို တွန်းထား နိုင်တဲ့ ခွန်အား နည်းပါတယ် ။

ဒါကြောင့် နောက်ကျောကနေ အတင်းဝင်လု တဲ့ အခါတွေ မှာ ဘောလုံး ပျက်သွားတာကို နယူးကာဆယ် နဲ့ ပွဲမှာ တကြိမ်မက မြင်တွေ့ ခဲ့ရပြီး ပါပြီ ။

 

အမှန်တော့ ဒါဟာ ရိုနယ်ဒို ရဲ့ အပြစ် မဟုတ်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ သူက ဘယ်တုန်းကမှ ဒီလိုမျိုး အထောင် တိုက်စစ်မှူး မဟုတ်ခဲ့လို့ပါပဲ ။

စပိန် မှာ အထောင် ကစားတဲ့ အချိန်မျိုးတွေ မှာ တောင်မှ ရိုနယ်ဒို က Hold-up Play ကစားကွက် နဲ့ ကစားခဲ့တာ မဟုတ်ပါဘူး ။

သူက ကစားကွက် နဲ့ အပြိုင် ပြေးလွှား ကစားတဲ့ Runner မျိုးပါ ။

တန်ပြန် တိုက်စစ်ကနေ ဆွဲပြေးမယ် ၊ နောက်ခံလူတွေ ရဲ့ Blind-side ကနေ ပြေးထွက်မယ် ၊ ဖြတ်တင် လိုက်တဲ့ ဘောလုံး ရှိမယ့် နေရာကို မှန်းဆက်တွက်ချက် ပြီး အရှိန် နဲ့ ပြေးဝင် ပိတ်သွင်းမယ် ၊ ဒါမျိုးတွေကို ရိုနယ်ဒို လုပ်လာခဲ့ တာပါ ။

ဒါကြောင့် ခွန်အားသုံးပြီး ကစားတဲ့ ပရီးမီးယားလိဂ် မှာ ရိုနယ်ဒို ကို အထောင် တိုက်စစ်မှူး နေရာထားပြီး ကစားမယ် ဆိုရင်တော့ ဆိုးရှား အနေနဲ့ Hold-up Play ကို မကစားဖို့ ရှောင်ကြဉ် ရမှာပါပဲ ။

 

ကောင်းကွက် ၃ ခု ရှိခဲ့ ပါတယ် ။ ပထမဆုံး တခုက မျှော်လင့်တတ်မှုပါ ။ ဘယ်လို အနေအထားမျိုးမှာ မဆို ဂိုးသွင်းနိုင်မယ့် အခွင့်အရေး ကို မျှော်လင့် နေတတ်တာဟာ ရိုနယ်ဒို ကို အခြားသူတွေထက် ဂိုးပို ရစေတဲ့ အကြောင်း အရင်း တခုပါပဲ ။

ယူနိုက်တက် ရခဲ့တဲ့ ပထမဂိုး ကို ဂရင်းဝုဒ် ရဲ့ ကန်ချက်က အစပြု ခဲ့ ပါတယ် ။

အဲ့ဒိ အချိန် နယူးကာဆယ် ဂိုးဧရိယာ ထဲမှာ နယူးကာဆယ် ဘက်က ၆ ယောက် ၊ မန်ယူနိုက်တက် ဘက်က ( ဂရင်းဝုဒ် မပါ ) ၃ ယောက် ရှိနေခဲ့ ပါတယ် ။

ဒါပေမယ့် ဂိုးထဲ ကို ပြေးဝင် သွားတာကတော့ ရိုနယ်ဒို တယောက်တည်းပါပဲ ။

 

ဂရင်းဝုဒ် ရဲ့ ကန်ချက် အကြောင်း တခုခု နဲ့ ဂိုးမဝင်ဘဲ ဧရိယာထဲ ပြန်ကျ လာခဲ့ရင် ပိတ်သွင်းဖို့ တယောက်ယောက်တော့ ရှိနေရမယ် ဆိုတဲ့ အတွေး ဟာ ရိုနယ်ဒို ဖြတ်သန်းလာတဲ့ ကစားသမား ဘ၀ တလျောက်မှာ ရရှိ လာခဲ့တဲ့ အတွေ့အကြုံတွေ ကနေ မြစ်ဖျား ခံလာ ခဲ့တာပါပဲ ။

ဒါကြောင့် ဂရင်းဝုဒ် ရဲ့ ကန်ချက် ပြန်ထွက် လာချိန် မှာ ရိုနယ်ဒို က လုံး၀ လူကပ် ခံ မထားရဘဲ အရှင်းကြီး ပိတ်သွင်း နိုင်ခဲ့တာပါ ။

ဒါဟာ သူ့ရဲ့ အားသာချက် တခုပါပဲ ။

 

နောက်တခု ကတော့ ရုတ်တရက် အရှိန်တင် နိုင်တာပါ ။

ရိုနယ်ဒို ဟာ သူ့ဘ၀ တလျောက်မှာ ဒီလို ရုတ်တရက် အရှိန်တင်တဲ့ လေ့ကျင့်မှုတွေ ကို ထပ်ခါ ထပ်ခါ လေ့ကျင့် ခဲ့ ပါတယ် ။

နာမည်ကျော် တာတို အပြေးသမား အူစိန်ဘော့ လို အိုလံပစ် ချန်ပီယံ မျိုးနဲ့ တောင် လေ့ကျင့်ခဲ့တာပါ ။

ဒါကြောင့် ပေါ်တူဂီသား ရဲ့ ရုတ်တရက် ထပြေးတဲ့ အရှိန်ဟာ ကြောက်ခမန်း လိလိ အားကောင်း ခဲ့ပြီး ပြိုင်ဘက်တွေကို အငိုက်မိ စေခဲ့ ပါတယ် ။

ဒီလို အရှိန်တင် ပြေးမှုကို ဒုတိယဂိုးမှာ မြင်တွေ့ ခဲ့ရတာပါ ။

လုခ်ရှော ဘောလုံး ဆွဲလာချိန် မှာပဲ ရိုနယ်ဒို ဟာ သာမာန် ပြေးနေတဲ့ အရှိန်ကို ရုတ်တရက် တင်ပစ်လိုက်တာ ကို အားလုံး မြင်တွေ့ လိုက်ကြမှာပါ ။

 

ဒါဟာ သူ့ အနားက နောက်ခံလူ ၂ ယောက် ထက် ခြေ ၂ လှမ်းစာလောက် အသာရသွား စေခဲ့ ပါတယ် ။

ဒီ ၂ လှမ်းစာဟာ သူ့အတွက် ကန်သွင်းဖို့ လုံလောက် စေခဲ့ပါပြီ ။

တတိယ တခုကတော့ Weak-foot ကန်ချက် တွေပါ ။

ရိုနယ်ဒို ဟာ ညာခြေသန်သူ ဖြစ်ပေမယ့် သူ့ရဲ့ ဘယ်ခြေ ကိုလည်း အားကောင်းအောင် လေ့ကျင့် ထားခဲ့ ပါတယ် ။

အသက် ၃၆ နှစ် ရောက်နေ ပေမယ့် ဘယ်ခြေကန်ချက် တွေက ပြင်းနေဆဲ ပါ ။

နယူး နဲ့ ပွဲက ဒုတိယဂိုး မှာ ရိုနယ်ဒို ရဲ့ ဘယ်ခြေကန်ချက် ပြင်းအားကို မြင်ခဲ့ရ ပါတယ် ။ ကန်ရတဲ့ အနေအထား နဲ့ ဘောလုံး လမ်းကြောင်းက အကောင်းဆုံး မဟုတ်ခဲ့ပါဘူး ။ ဒါပေမယ့် ကန်ချက်ကတော့ တကယ် ပြင်းပါတယ် ။

ဒါကြောင့်ပဲ နယူးကာဆယ် ဂိုးသမားရဲ့ ပေါင်ကြား နေ ဝင်သွားခဲ့တာပါ ။

 

အချုပ် ပြောရရင်တော့ ရိုနယ်ဒို ဟာ ကာယအသားပေးတဲ့ ပရီးမီးယားလိဂ် မှာ အသက်အရွယ် အရရော ၊ ကစားတဲ့ ပုံစံ အရပါ အထောင် တိုက်စစ်မှူး တယောက်ရဲ့ ကဏ္ဍ အားလုံးကို ဖြည့်ဆည်း ပေးနိုင်မှာ မဟုတ်ပါဘူး ။

သူ့ကို ထောင် ကစားမယ် ဆိုရင် Hold-up Play တွေ ၊ Target Man ပုံစံ မျိုးတွေကို ရှောင်ရမှာပါ ။ အမြင့်ကြီး ခုန်နိုင်ပေမယ့် အင်္ဂလန် က ခံစစ်မှူးတွေ က စပိန် ၊ အီတလီ က လူတွေထက် တွန်းအား ပိုကောင်းပါတယ် ။ ဒါကို ထည့်တွက် ရမှာပါ ။

အဲ့ဒါ က လွဲရင် ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အများကြီး အသုံးဝင်မယ့် ကစားသမား ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး ။

၃၆ နှစ်သားကြီး ဟာ လက်ရှိ အသင်းက ကစားသမား အတော်များများ ထက် စွမ်းဆောင်ရည် သာလွန် နေသေးတယ် ဆိုတာ အထင်အရှား ပါပဲ ။

 

ဘယ်လောက်ထိ စွမ်းဆောင် နိုင်မယ် ဆိုတာ ကိုတော့ ဆက်ပြီး စောင့်ကြည့် ရမှာပါ . . . . .

 

SPORTS MYANMAR