နံနက်ခင်းအားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် ကို ခရစ္စတီယာနို ရိုနယ်ဒို ရောက်ရှိလာမှု ဟာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို အသင်းမှာ ဆက်လက် နေထိုင်ဖို့ စိတ်ဝင်စား စေခဲ့တယ်လို့ သိရ ပါတယ် ။ ကနဦးက ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း ဆက်တိုးဖို့ အလားအလာ နည်းပါး နေတဲ့ ပေါ့ဘာ ဟာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် စိတ်ဝင်စားမှု ရှိ လာခဲ့ပြီလို့ ယမန်နေ့က သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

ယူနိုက်တက် ဟာ ဒီကနေ့ ည မှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အတွက် ဆွစ်ဇာလန် ကို ယမန်နေ့က ထွက်ခွာ ခဲ့ကြရာမှာ ရိုနယ်ဒို လိုက်ပါ သွားခဲ့တယ်လို့ သိရ ပါတယ် ။ လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရရှိပြီး နယူးကာဆယ် နဲ့ ပွဲကို လွဲခဲ့တဲ့ ကာဗာနီ ကတော့ ဆွစ်ဇာလန် ခရီးကိုလည်း လိုက်ပါ မသွားခဲ့ဘူးလို့ သိရ ပါတယ် ။

 

ပြီးခဲ့တဲ့ လတုန်းက ကစားခဲ့တဲ့ ဆောက်သမ်တန် နဲ့ ပွဲမှာ ဒဏ်ရာရရှိ ခဲ့တဲ့ နယူးကာဆယ် တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆင် ဟာ ဒီဇင်ဘာ လောက် အထိ အနားယူ ရဖွယ် ရှိနေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

ပရိသတ်တွေ ကွင်းထဲဝင်ကာ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ပွဲရပ်နား ခဲ့ရတဲ့ မာဆေး နဲ့ နိုက်စ် အသင်းတို့ရဲ့ ပွဲစဉ် ကိုတော့ လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ မှာ ပြန်လည် ကစားသွားမယ် လို့ လီဂူး အဖွဲ့ချုပ် က သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ် ။

 

မန်ချက်စတာ စီးတီး ဟာ လီဗာပူး က နွေရာသီမှာ ခေါ်ယူဖို့ စီစဉ် နေတယ် လို့ သတင်းထွက် ခဲ့တဲ့ ဒေါ့မွန် ကွင်းလယ် ကစားသမားလေး ဂျုဒ် ဘယ်လင်ဟမ် ကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ အတွက် စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဒါ့အပြင် ပက် ဂွာဒီယိုလာ ဟာ စီးတီး ဝါရင့် ကွင်းလယ်လ ဖာနန်ဒင်ဟို အနားယူ သွားပါက သူ့ရဲ့ နေရာ အတွက် လိဒ် ယူနိုက်တက် ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ကို မျက်စိ ကျ စိတ်ဝင်စား နေတယ် လို့လည်း ကြားသိရ ပါတယ် ။

 

ချဲလ်ဆီး ကတော့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကို လာမယ့် နွေရာသီ မှာ ဘယ်လို ဈေးနှုန်း ပေးချေ ရသည် ဖြစ်စေ ခေါ်ယူ သွားဖို့ စိတ်ပိုင်း ဖြတ်ထားကြောင်း သိရ ပါတယ် ။

 

ဒါ့အပြင် ချဲလ်ဆီး ဟာ အသင်းမှာ တပတ်လုပ်ခ ပေါင် ၇ သောင်းခွဲသာ ရရှိ နေတဲ့ အင်္ဂလန် လက်ရွေးစင် မေဆင် မောင့် ကိုလည်း လုပ်ခ လစာ တိုးပေးကာ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ စတင် ဆွေးနွေး နေပြီလို့ သိရ ပါတယ် ။

 

လီဗာပူး ဂန္ထဝင် ဂျေမီ ကာရေဂါ ကတော့ တပတ် လုပ်ခ ပေါင် ၅ သိန်း အထိ တိုးမြှင့် တောင်းဆို နေတဲ့ မိုဟာမက် ဆာလာ ဘက်ကနေ ကာကွယ် ပြောဆို ခဲ့ပြီး အီဂျစ် ဂိုးသွင်းစက်ဟာ ပရီးမီးယားလိဂ် ရဲ့ လုပ်ခ အများဆုံး ကစားသမား တဦး ဖြစ်ဖို့ ထိုက်တန် ပါတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ယူအက်စ် အိုးပင်း အမျိုးသမီး ဖိုင်နယ် ပွဲစဉ် ရဲ့ အရေးပါတဲ့ အခိုက်အတန့် ( ၃၀-၃၀ ဖြစ်နေချိန် ) မှာ ဒူးပြဲ မှုကြောင့် ပွဲနားကာ ဆေးကုသခွင့် တောင်းခံ ခဲ့တဲ့ အမ်မာ ရာဒူကနူ အပေါ် စောဒက တက်ပြီး ဒိုင်အဖွဲ့ ကို စိတ်ဆိုး ဒေါသထွက် ခဲ့တဲ့ လေလာ ဖာနန်ဒက်စ် က သူမ ရဲ့ လုပ်ရပ်ဟာ မှားယွင်း ခဲ့တယ်လို့ ပြန်လည် ဝန်ခံ သွားခဲ့သလို အမ်မာ ရဲ့ ဒဏ်ရာဟာ ဘယ်လောက် ပြင်းထန် သလဲ ဆိုတာလည်း သူမ သတိမထား မိခဲပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

တချိန်က ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် နဲ့ ချဲလ်ဆီး တို့မှာ ကစား ခဲ့တဲ့ တိုက်စစ်မှူးကြီး ဒမ်ဘာဘား ကတော့ ဘောလုံး ကစားခြင်း ကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

 

အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ အသစ် ခေါ်ယူ ထားတဲ့ ရမ်းစ်ဒဲလ် ကို နေရာပေး လာခဲ့ပါက လက်ရှိ နံပါတ် ၁ ဂိုးသမား လီနို ဟာ ရာသီ အကုန် မှာ အသင်းကနေ ထွက်ခွာ ဖို့ စိတ်ကူး လာနိုင်တယ် လို့ သိရ ပါတယ် ။

 

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အဲဗာတန် အသင်းဟာ အိမ်ကွင်းမှာ ဘန်လေ အသင်း ကို ၃ – ၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ အဲဗာတန် အတွက် ဂိုးတွေ ကိုတော့ မိုက်ကယ် ကိန်း ၊ အန်ဒရိုစ့် တောင်ဆန် နဲ့ ဒီမာရိုင် ဂရေး တို့က သွင်းယူ ပေးသွားခဲ့ ကြတာပါ ။

 

ဒီနိုင်ပွဲ ကြောင့် အဲဗာတန် ဟာ ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ် ရရှိထားပြီး မန်ယူနိုက်တက် ၊ လီဗာပူး ၊ ချဲလ်ဆီး တို့နဲ့ ရမှတ်အတူ ရရှိကာ အဆင့် ၄ နေရာမှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

 

ကာရေဂါ ကတော့ အဲဗာတန် နည်းပြ ဘင်တီနက် ကို ချီးကျုး ခဲ့ပြီး ဘင်နီတက် လောက် အဲဗာတန် ပရိသတ်တွေ ရဲ့ ခံစားချက် ကို နားလည် နိုင်သူ မရှိဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR