ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ကလပ် ၂သင်းကို ထုတ်ဖော်ရင်း ၊ ရော်နယ်ဒို မရှိတော့တဲ့ ယူဗင်တပ်ရဲ့ အလားအလာ အပေါ် သုံးသပ်လိုက်တဲ့ ဒယ်လ်ပီယာရို

ယနေ့ညမှာ ၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီ အတွက် ချန်ပီယံလိဂ် အုပ်စု အဆင့် အဖွင့်ပွဲတွေ စတင် ကစားကြဖို့ ရှိနေပါတယ် ။ ပြိုင်ပွဲ မစတင်ခင်ကတည်းက ချန်ပီယံဆုကို ဘယ်အသင်းတွေက အဓိက လုကြရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘောလုံး ပရိသတ်တွေ အကြား ပြောဆို ဆွေးနွေးမှုတွေလည်း အများကြီး ရှိနေပါတယ် ။

လောလောဆယ်မှာတော့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အပြီး ကစားသမားသစ် ခေါ်ယူမှု နဲ့ ကစားသမား အင်အား အခြေအနေ အပေါ် မူတည်ပြီး ၊ လူအများ က ဘယ်အသင်းတွေက ချန်ပီယံဆုကို စိန်ခေါ်မလဲ ဆိုတာ ကိုယ်စီ ခန့်မှန်းနေကြတာ ဖြစ်ပါတယ် ။

လီယွန်နယ် မက်ဆီ ၊ ဆာဂျီယို ရာမို့စ် အစရှိတဲ့ စူပါစတား တစုကို ခေါ်ယူထားနိုင်တဲ့ ပီအက်စ်ဂျီ ကတော့ လူတိုင်းလိုလိုရဲ့ ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံလောင်း အသင်းဆိုတာ ငြင်းစရာ မရှိပါဘူး ။ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ၊ ပြီးခဲ့တဲ့ ရာသီရဲ့ finalist မန်စီးတီး ၊ တကျော့ပြန် ရော်နယ်ဒိုရဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လူပြန်စုံနေတဲ့ လီဗာပူးတို့ကိုလည်း ဒီစာရင်းထဲကနေ ချန်လှပ်ထားလို့ မဖြစ်ပြန်ပါဘူး ။

ယူဗင်တပ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလက်ဆန်ဒရို ဒယ်လ်ပီယာရို ကတော့ ယခုနှစ် ရာသီ ချန်ပီယံဖလားကို ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး အသင်းတို့က အဓိက လုရမယ်လို့ ယုံကြည်နေပြီး ၊ မန်စီးတီး ၊ ဘိုင်ယန်မြူးနစ် တို့က ၄င်းတို့ ၂သင်းရဲ့ အနောက်မှာ အစဉ်လိုက် ရေပန်းစားနေကြောင်း သုံးသပ်ခဲ့ပါတယ် ။

La Gazzetta Dello Sport သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဒယ်လ်ပီယာရို က ” ချဲလ်ဆီး ဟာ သာမန်ထက် အများကြီး ထူးကဲတဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားသလို ၊ ပြီးခဲ့တဲ့ နွေရာသီ အတွင်းမှာလည်း အင်အား ဖြည့်တင်းမှုတွေ လုပ်နိုင်ခဲ့ပါတယ် ။ သူတို့ဟာ ပီအက်စ်ဂျီနဲ့ တတန်းတည်း ရှိနေပါတယ် ။ ”

” မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ် တို့ကတော့ ဒီ ၂သင်းရဲ့ အနောက်ကနေ ကပ်လိုက်နေပါတယ် ။ သူတို့ပြီးမှ အခြား စပိန်နဲ့ အင်္ဂလန် အင်အားကြီး အသင်းတွေ ရှိပါမယ် ။ လောလောဆယ်မှာ အီတလီ ကလပ်တွေဟာ အရည်အသွေး အရ အနောက်မှာ ကျန်ရစ်နေပါပြီ ။ ကျွန်တော်တို့ အနေနဲ့ ပိုကောင်းတဲ့ အိုင်ဒီယာတွေနဲ့ အကုန်အကျ သက်သာတဲ့ လမ်းကို ရွေးရပါတော့မယ် ။ ”

” ဒါပေမယ့် ရာသီ အစကောင်းတိုင်းလည်း နောက်ဆုံး ရာသီပိတ် အချိန်မှာ အောင်မြင်မှု ရချင်မှ ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ဒယ်လ်ပီယာရိုရဲ့ အသင်းဟောင်း ယူဗင်တပ် ဟာ ဒီရာသီ စီးရီးအေ ၃ပွဲ ကစားထားပြီးချိန် ၊ နိုင်ပွဲ မရသေးပဲ ၊ ဇယား အောက်နားမှာ ရပ်တည်နေပါတယ် ။

ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒို တယောက် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားခဲ့ခြင်း ဟာ ယူဗင်တပ် ကို ထင်ထားတာထက် ပိုပြီး အခက်တွေ့စေတာ လတ်တလော ရလဒ်တွေက သက်သေထူနေပါတယ် ။

ဒယ်လ်ပီယာရို ကတော့ ရော်နယ်ဒို တူရင်မြေက ထွက်ခွာမယ် ဆိုတာကို သူ ကြိုတင် မျှော်မှန်းထားပြီးသား ဖြစ်လို့ ၊ မအံ့သြမိကြောင်း ဖွင့်ဟရင်း ၊ ရော်နယ်ဒို ဟာ ယူဗီ အတွက် မှားယွင်းတဲ့ ခေါ်ယူမှု တခု မဟုတ်ခဲ့ကြောင်းလည်း ၄င်းက ယုံကြည်နေပါတယ် ။

ဒယ်လ်ပီယာရို က ” ဘာမှ မပြင်မဆင်ပဲနဲ့ အကြောင်း တခုခုကို ကျွန်တော်တို့ လက်လွှတ်စပယ် မပြောသင့်ပါဘူး ။ ဒါပေမယ့် ဒါဟာ အမှန်တရားကို လက်ခံနေရတာပါ ။ အမှန်အတိုင်း ပြောရရင် ခရစ်တီယာနို ဟာ ယူဗီမှာ ဆက်မနေချင်ခဲ့ပါဘူး ။ ဒါဟာ လစာ မတန်တဆ ပေးရမယ့် ဝန်တခုက လွတ်မြောက်နိုင်မယ့် အခွင့်အရေးလို ရှင်းလင်းနေပါတယ် ။ ”

” အကယ်၍ မေးခွန်း က ကျွန်တော်တို့ သူ့နေရာကို ဘယ်လို အစားထိုးမလဲ ဆိုတာ ဖြစ်နေရင် ၊ ကျွန်တော် ကတော့ လက်ရှိ ကလပ် အတွင်း ဘဏ္ဍာရေး အရင်းအမြစ်နဲ့သာ ချင့်ချိန် ဖြေရှင်းဖို့ အကြောင်းပြန်ရပါလိမ့်မယ် ။ ယူဗင်တပ်ရဲ့ လက်ရှိ တိုက်စစ် အင်အား က အခြား အသင်းတွေကို ယှဉ်လို့ ရနေတုန်းပဲလို့ ကျွန်တော် ထင်ပါတယ် ။ ”

” ခရစ်တီယာနို ဟာ ချန်ပီယံ တယောက်ပါ ။ ဒီတော့ သူ့ကို ခေါ်ယူခွင့် ရလာတဲ့အခါ ခင်ဗျား လက်လွှတ်လို့ မရပါဘူး ။ သူ့ကို ခေါ်ခဲ့တာ မှားယွင်းခဲ့တယ် ဆိုတာထက် သူ့ကို တည်ပြီး အသင်းရဲ့ စုဖွဲ့ပုံ က မှားယွင်းနေခဲ့တာလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ ယူဗင်တပ်ရဲ့ အသင်းလိုက် စွမ်းဆောင်ရည်ကို မကြည့်ပဲ ၊ ခရစ်တီယာနိုရဲ့ တဦးချင်း စွမ်းဆောင်ရည်ကိုသာ အဓိက ဝေဖန် ထောက်ပြခဲ့တာ များပါတယ် ။ ”

” ဒါဟာ အသင်းမှာ တခုခု မှားယွင်းနေပြီ ဆိုတဲ့ လက္ခဏာပါပဲ ။ ခရစ်တီယာနို ရောက်လာပြီးနောက် ဥရောပ ပြိုင်ပွဲမှာ အသင်းရဲ့ ရလဒ်တွေက မှန်းထားတာလောက် မကောင်းခဲ့ပါဘူး ။ ဒါပေမယ့် ချန်ပီယံလိဂ် ဖလား အခုထိ မရသေးတဲ့ မန်စီးတီးကို ကြည့်ရင် ၊ တခါတလေမှာ ရင်းနှီးမြှုပ်နှံမှုချည်းသက်သက် ကလည်း အလုပ်မဖြစ်ဘူး ဆိုတာ နားလည်နိုင်မှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဆုံးမှာတော့ ဒယ်လ်ပီယာရို က ရော်နယ်ဒို မရှိတဲ့နောက် ယူဗီ တိုက်စစ်ကို အဓိက ဦးဆောင်ရမယ့် ပေါ်လို ဒီဘားလားနဲ့ နည်းပြ ဖြစ်သူ မက်စီမီလီယာမို အယ်လီဂရီတို့နဲ့ ပတ်သက်ပြီးလည်း ” ကျွန်တော့ အမြင်မှာတော့ ပေါ်လို ဟာ ယူဗီ အတွက် အရင်ကတည်းက ပေးဆပ်ခဲ့ပြီးသားပါ ။ အရင်က တောက်ပခဲ့တဲ့ အဆင့်ကို သူ ပြန်ရောက်သင့်ပါတယ် ။ ”

” ခင်ဗျား ဟာ တဦးတယောက်တည်းနဲ့ အနိုင်ရတဲ့ ဖိအားကို မစမ်းသင့်ပါဘူး ။ သူ့အတွက် လွတ်လွတ်လပ်လပ် ပိုကစားခွင့် ရလေလေ ၊ ပိုပြီး ထူးခြားမှု ရှိမယ့် ၊ ပိုကောင်းတဲ့ အလားအလာတွေ သူ့ဆီ မြင်တွေ့လေလေပါပဲ ။ ”

” ကျွန်တော် အယ်လီဂရီ ကို နှစ်သက်ပါတယ် ။ သူ့မှာ ရှင်းလင်း ပြတ်သားတဲ့ အိုင်ဒီယာတွေ ရှိပါတယ် ။ သူဟာ ဒဏ္ဍာရီဆန်တဲ့ ကိစ္စရပ်တွေ မလုပ်ပြနိုင်ပေမယ့် ၊ လက်ရှိ ယူဗီရဲ့ ပြဿနာ ဟာ နည်းစနစ် လမ်းညွှန်မှု မမှန်ကန်တာကြောင့် ဖြစ်တယ် ဆိုတာကို သူ ပထမဆုံး ခြေရာ ခံနိုင်ခဲ့ပါတယ် ။ ”

” ဒီတော့ အလုပ်ကို အရင်ကထက် ပိုပြီး ကြိုးစားရမှာပါ ။ သူ့လက်ထက်မှာ ကွင်းတွင်းကွင်းပြင် တိုးတက်မှုတွေ မြင်တွေ့လာရဖို့ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ယူဗင်တပ် အသင်း ဟာ ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အဖြစ် ဆွီဒင် ချန်ပီယံ မယ်လ်မို အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR