လက်ရှိ ချန်ပီယံတို့ လူကာကူရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ ချန်ပီယံလိဂ် အဖွင့်လှခဲ့တဲ့ ချဲလ်ဆီး ၁ – ၀ ဇင်းနစ် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု H ရဲ့ အဖွင့်ပွဲစဉ် တပွဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ဇင်းနစ် အသင်းကို တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ တလုံးတည်းသော ခေါင်းတိုက် သွင်းဂိုးနဲ့ အနိုင်ရကာ ၊ အဖွင့်လှခဲ့ပါတယ် ။ ထိုပွဲအပြီး ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – အက်ဒိုဝါ့ဒ် မန်ဒီ ( Rating – 7 )

ချဲလ်ဆီး အတွက် ပွဲ ၅၀ ပြည့်မြောက်ခဲ့တဲ့ ပွဲမှာ နောက်ထပ် Clean Sheet တကြိမ်ကို ပိုင်ဆိုင်ခဲ့ပြန်တဲ့ မန်ဒီ ဟာ ပထမပိုင်း အတွင်း ကာကွယ်မှု တကြိမ်သာ လုပ်ခဲ့ရပြီး ၊ နောက်ပိုင်းမှာ ချဲလ်ဆီးရဲ့ ပွဲချိန် အများစု လွှမ်းမိုးနိုင်မှုကြောင့် အလုပ်ရှုပ်ခဲ့ခြင်း မရှိပါဘူး ။

နောက်တန်း – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ အန်ဒရီယာစ် ခရစ်တန်ဆန် ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 )

အုပ်စုတွင်း ကော်ကောင် အသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဇင်းနစ် အသင်း ဟာ ဒီပွဲမှာ လက်ရှိ ချန်ပီယံကို ခံစစ် ကျစ်ကျစ်လျစ်လျစ်နဲ့ ချဉ်းကပ်ခဲ့သလို ၊ အခြေအနေ ပေးရင် ပေးသလို တန်ပြန် တိုက်စစ်ကို အားပြုကာ ၊ ထိရောက်တဲ့ အမြင့်ဘော ပေးပို့မှုတွေနဲ့ တကြိမ်ဆို တကြိမ် ချဲလ်ဆီး အသင်းကို ဒုက္ခပေးနိုင်ခဲ့ပါတယ် ။

ဇင်းနစ်ရဲ့ တန်ပြန် တိုက်စစ် ထိုးဖောက်မှု ၂ကြိမ် ၊ ၃ကြိမ်လောက်ကို ချဲလ်ဆီး ခံစစ် က ခရစ်တန်ဆန် ၊ ရူဒီဂါတို့ ကြုံသလို တားဆီးခဲ့ရလို့ ၊ ဇင်းနစ်ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ဟာ ယခုထက် လျော့နည်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

အက်ဇ်ပီလီကွီတာ ကတော့ ခံစစ်ပိုင်း အာရုံစိုက်တာထက် ၊ ဇင်းနစ်ရဲ့ တန်ပြန် တိုက်စစ် စတင်တဲ့ နေရာက ဘောလုံး ဖြန့်ဝေမှု အချို့ကို တားဆီးပြခဲ့ပြီး ၊ လူကာကူ ရဲ့ တလုံးတည်းသော အနိုင်ဂိုး အတွက်လည်း ဖြတ်တင် ပေးပို့မှု လုပ်ပေးနိုင်ခဲ့ပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ၊ ဂျော်ဂျင်ဟို ၊ မတ်တီယို ကိုဗာဆစ် ( Rating – 7 ) ၊ မားကို့စ် အလွန်ဆို ( Rating – 6 )

ပရီးမီးယားလိဂ် ပွဲပယ် ပြစ်ဒဏ်ကြောင့် ပြီးခဲ့တဲ့ ဗီလာနဲ့ ပွဲကို လွဲချော်ထားခဲ့တဲ့ ရိစ်ဂျိမ်းစ် ဟာ ဒီပွဲကို လန်းဆန်းမှု အပြည့်နဲ့ ကစားနိုင်ခဲ့ပြီး ၊ ၄င်း ရှိနေတဲ့ ညာခြမ်း တိုက်စစ် က ချဲလ်ဆီး အသင်း အဓိက အားထားခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ် ။ လူကာကူ အတွက် ထိရောက်တဲ့ ဖြတ်တင်ဘောတွေ သိပ်မလုပ်ပေးနိုင်ခဲ့ပေမယ့် ၊ လုပ်အားနဲ့ တိုက်စစ် ချိတ်ဆက်မှု ကဏ္ဍ တွေမှာ အားရစရာ ကောင်းခဲ့ပါတယ် ။

ဂျော်ဂျင်ဟို နဲ့ ကိုဗာဆစ် အတွဲ ဟာ ပြီးခဲ့တဲ့ ဗီလာနဲ့ ပွဲက ဒုတိယပိုင်း စွမ်းဆောင်ရည်လောက် ဒီပွဲမှာ တည်ငြိမ်မှု သိပ်မရှိခဲ့ပေမယ့် ၊ ဇင်းနစ်ရဲ့ တန်ပြန် တိုက်စစ် ကို တစိတ်တပိုင်း ဟန့်တားပြခဲ့ပါတယ် ။ ဖန်တီးမှု များများစားစား မမြင်ခဲ့ရပေမယ့် ၊ ကွင်းလယ်ကို အသာစီး ရရှိစေဖို့ ၂ဦးလုံး အတွဲညီညီနဲ့ ထိန်းချုပ်နိုင်ခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ၄ပွဲဆက် အပါအဝင် ၊ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာပါ ပွဲထွက်ခွင့် ရခဲ့တဲ့ အလွန်ဆို ဟာ ဒီပွဲမှာ သာမန် အဆင့်လောက်သာ ရှိခဲ့ပြီး ၊ အစောပိုင်း ပွဲတွေလောက် ခြေစွမ်း မပြနိုင်တော့သလို ၊ ပွဲပန်းမှု အနည်းငယ် ခံစားနေရတာကိုလည်း ၄င်းရဲ့ ပိုမို လေးပင်တဲ့ ကစားဟန်က တဆင့် တွေ့နိုင်မှာ ဖြစ်ပါတယ် ။

တိုက်စစ် – မေဆင်မောင့် ၊ ဟာကင် ဇီယက်ခ်ျ ( Rating – 6 ) ၊ ရိုမီလူ လူကာကူ ( Rating – 8 )

ပြီးခဲ့တဲ့ စနေနေ့က ချဲလ်ဆီးတို့ ယှဉ်ပြိုင်ခဲ့ရတဲ့ ဗီလာလို ဇင်းနစ် ဟာလည်း ၃ယောက်တန်း ခံစစ် ကစားကွက်ကို ကျင့်သုံးပြီး ၊ လက်ရှိ ချန်ပီယံ ကို အံတုဖို့ ကြိုးစားခဲ့တာကြောင့် ၊ ဒီပွဲမှာလည်း ချဲလ်ဆီးရဲ့ တောင်ပံ တိုက်စစ်တွေဟာ ပွဲချိန် အများစုမှာ ပြိုင်ဖက် ကစားသမားတွေရဲ့ အနီးကပ် ပိတ်ဆို့ ကစားမှုကို ခံခဲ့ရပါတယ် ။

အထူးသဖြင့် ဘောလုံး ဖန်တီးမှု ပိုလုပ်ပေးရမယ့် မောင့်နဲ့ ဇီယက်ခ်ျတို့ ဒီပွဲမှာ ဇင်းနစ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို ထိုးဖောက်ဖို့ အတော်လေး အခက်တွေ့ခဲ့ပြီး ၊ သာမန် စွမ်းဆောင်ရည် ဝန်းကျင်သာ ပြသနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းတို့ဟာ ရှေ့မှာ ရှိနေတဲ့ လူကာကူနဲ့လည်း တွဲလုံး ချိတ်နိုင်ခဲ့တာမျိုး မလုပ်နိုင်ခဲ့ပါဘူး ။

ဒီနေရာမှာ မဖြစ်မနေ ချီးကျူးရမှာ က ချဲလ်ဆီး အတွက် ၄ပွဲ ကစား ၊ ၄ဂိုး သွင်းနိုင်ခဲ့တဲ့ ၊ မနေ့ညက ပွဲရဲ့ Man of the Match ဖြစ်တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူကိုပါပဲ ။ ယင်း ဘယ်လ်ဂျီယမ် လက်ရွေးစင် ဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ ဗီလာနဲ့ ပွဲကလိုပဲ အခွင့်အရေး များများစားစား မရခဲ့ပဲ ၊ တကြိမ်ဆို တကြိမ် တိတိကျကျ ဂိုးသွင်း အဆုံးသတ်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းဟာ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ တန်ပြန်တိုက်စစ် ကနေ တဆင့် နောက်တဂိုး ရရှိဖို့ပင် နီးစပ်ခဲ့ပါသေးတယ် ။

လူစားဝင် ကစားသမားများ – ကိုင်ဟာဗက်ဇ် ( Rating – 5 ) ၊ သီယာဂို ဆေးလ်ဗား ၊ ဘန်ချေဝဲလ် ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ( N/A )

SPORTS MYANMAR