နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ်တွေ မှာတော့ ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ် ဟာ အိမ်ကွင်း မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၂ – ၁ နဲ့ အနိုင် ကစားပြီး အုပ်စု ပထမ နေရာကို ရယူ သွားခဲ့ ပါတယ် ။ အု

တွင်းက အခြားပွဲစဉ် မှာတော့ ဗီလာရီးရဲ နဲ့ အတ္တလန်တာ တို့ ၂ ဂိုးစီ သရေ ရလဒ် နဲ့ အဆုံးသတ် သွားခဲ့ ပါတယ် ။

 

မန်ယူနိုက်တက် တိုက်စစ်မှူးကြီး ရိုနယ်ဒို ကတော့ ဒီပွဲမှာ ဂိုးသွင်း နိုင်ခဲ့သလို အီကာ ကာဆီးလက် ရဲ့ ချန်ပီယံလိဂ် ပွဲအများဆုံး စံချိန် ကိုလည်း လိုက်မီ သွားနိုင်ခဲ့ ပါတယ် ။

 

လက်ရှိ ချန်ပီယံ ချဲလ်ဆီး ကတော့ အိမ်ကွင်းမှာ ရုရှ ကလပ် ဇင်းနစ် ကို ၁ – ၀ နဲ့ အနိုင် ကစားနိုင်ခဲ့ ပါတယ် ။ ချဲလ်ဆီး ရဲ့ တလုံးတည်းသော အနိုင်ဂိုးရှင် ကတော့ ရိုမီရို လူကာကူ ပါပဲ ။

 

ဘိုင်ယန်မြုးနစ် ကလည်း ချန်ပီယံ အသင်း တသင်းရဲ့ ခြေစွမ်းကို ပိုင်ဆိုင် ထားကြောင်း အဝေးကွင်း မှာ ဘာစီလိုနာ ကို ၃ – ၀ နဲ့ အနိုင် ကစားပြခဲ့ ပါတယ် ။ ဘိုင်ယန် အတွက် သောမတ်စ် မူလာ က အဖွင့်ဂိုး သွင်းပေး ခဲ့ပြီး ကျန် ၂ ဂိုးကိုတော့ လီဝန်ဒေါ့စကီး က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

 

ကျန်ပွဲစဉ်တွေမှာတော့ ယူဗင်တပ် က မယ်လ်မို ကို အဝေးကွင်းမှာ ၃ – ၀ နဲ့ နိုင်ခဲ့ပြီး ဆီဗီးလား နဲ့ ဆဲလ်ဘတ် က ၁-၁ ၊ လိုင်လီ နဲ့ ဝုဖ်ဘတ် ၊ ဒိုင်နမိုကိဗ် နဲ့ ဘင်ဖီကာ တို့ ကတော့ ဂိုးမရှိ သရေရလဒ်တွေ ထွက်ပေါ် ခဲ့ကြပါတယ် ။

 

ယမန်နေ့ ညက ပွဲစဉ်တွေ ရဲ့ ထူးခြားချက် ကတော့ အနီကတ် ပြခံ ရတဲ့ ပွဲ ၄ ပွဲ အထိ ပါဝင် နေခဲ့တာပဲ ဖြစ်ပါတယ် ။

ဂိုးမပေး ခဲ့ရတဲ့ ချဲလ်ဆီး ဂိုးသမား အက်ဒွာ မန်ဒီ ကတော့ ချန်ပီယံလိဂ် မှာ Cleansheet ၁၀ ပွဲ ကို ဒုတိယမြောက် ပွဲ အနည်းဆုံး နဲ့ ရယူနိုင်တဲ့ ဂိုးသမား ဖြစ်လာခဲ့ ပါတယ် ။ မန်ဒီ ဟာ ၁၃ ပွဲမှာ ၁၀ ပွဲ ဂိုးမပေး ရအောင် စွမ်းဆောင် နိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အရှေ့မှာ ၁၁ ပွဲ နဲ့ Cleansheet ရယူ ထားတဲ့ ကေလာ နာဗက်စ် တဦးသာ ရှိနေခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ ဘိုင်ယန် နဲ့ ပွဲမှာ ဂိုးကန်သွင်းမှု လုံး၀ မပြုလုပ် နိုင်ခဲ့သလို နောက်ဆုံး ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ရပါတယ် ။ ဒါဟာ သူတို့ အသင်းရဲ့ ချန်ပီယံလိဂ် သမိုင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပျက်ခဲ့တာပါ ။

 

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အလားအလာ ကောင်းနေပြီလို့ သိရ ပါတယ် ။ အကယ်၍ ကိန်းသာ စပါး နဲ့ စာချုပ် သက်တမ်းတိုး ဖြစ်ခဲ့ပါက မန်စီးတီး ဟာ နွေရာသီ မှာ အင်္ဂလန် တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးစား တော့မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

 

PSG အသင်း ရဲ့ ဒါရိုက်တာ လီယိုနာဒို က သူ့အနေနဲ့ အမ်ဘာပေ ကို အသင်းကနေ ထွက်ခွာ သွားမယ်လို့ လုံး၀ စိတ်ကူး မထားကြောင်း နဲ့ ဘာပေ ဟာ PSG မှာပဲ ဆက်ရှိ နေမယ်လို့ ယုံကြည်ထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

နာပိုလီ အသင်း ဥက္ကဌ ဒီလော်ရန်းတစ် က သူ ဟာ ဝင်ငွေ အလွန် ကောင်းမွန်တဲ့ ဥရောပ ပြိုင်ပွဲကြီး တခုကို စိတ်ကူးယဉ် အိပ်မက် နေပါတယ် လို့ ထုတ်ဖော် ပြောဆိုခဲ့တာကြောင့် ဥရောပ စူပါလိဂ် ဘက်ကို စိတ်ယိုင်လာ ပြီလို့ သတင်းတွေက သုံးသပ် ဖော်ပြ ခဲ့ကြပါတယ် ။

 

လက်စတာ စီးတီး ကွင်းလယ်လူ တိုင်လီမန်းစ် က သူဟာ အနာဂါတ် နဲ့ ပတ်သက်ပြီး အရာအားလုံးကို ထည့်သွင်း စဉ်းစား နေပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ လက်စတာ ဟာ တိုင်လီမန်းစ် ကို စာချုပ် သက်တမ်းတိုးဖို့ ကြိုးစား နေပြီး ဥရောပ အသင်းကြီးတွေ ကလည်း အခြေအနေကို စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

 

ချဲလ်ဆီး ကွင်းလယ် ကစားသမားလေး မေဆင် မောင့် ဟာ စာချုပ်သစ် ချုပ်ဆိုပြီးပါက တပတ် ကို ပေါင် ၁ သိန်းခွဲ အထိ ရရှိမယ်လို့လည်း သိရ ပါတယ် ။

 

SPORTS MYANMAR