အာဆင်နယ် အသင်းရဲ့ ချန်ပီယံလိဂ် မှတ်တမ်းကောင်း တစ်ခုကို တွေ့ရှိပြီးနောက် ကြေကွဲ ဝမ်းနည်းနေကြတဲ့ ပရိသတ်များ

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဖလား မရဖူးတဲ့ အသင်းတွေထဲမှာ ချန်ပီယံလိဂ် နိုင်ပွဲ အများဆုံး အသင်း ဖြစ်ကြောင်း The Analyst က ဖော်ပြ လိုက်ပါတယ် ။

အဲ့ဒီ မှတ်တမ်းကောင်းကို တွေ့ရှိပြီးနောက် အာဆင်နယ် ပရိသတ်တွေဟာ ၂၀၀၆ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဖလား နဲ့ လွဲချော် ခဲ့ရတဲ့ အပေါ် ထိခိုက် ခံစားရကြောင်း ထုတ်ဖော် ရေးသား လာကြပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၀၆ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဖလားရဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ် ။

၂၀၀၆ ခုနှစ်မှာ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်း နိုင်ခဲ့ပြီး ဘာစီလိုနာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ရပါတယ် ။ ဗိုလ်လုပွဲမှာ အာဆင်နယ် အသင်းဟာ ပွဲအစ ၁၈ မိနစ်ကတည်းက ဂိုးသမား လေမန်း ထုတ်ခံရတာကြောင့် ၁၀ ယောက်ထဲနဲ့ ကစားခဲ့ရတာ ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ နောက်ခံလူ ဆိုးလ်ကမ်းဘဲလ် ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဘာစီလိုနာ ဘက်က အီတူး ၊ ဘယ်လက်တီ တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။

အဲ့ဒီ နောက်ပိုင်းမှာ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ အခုဆို ချန်ပီယံလိဂ် မကစားရတာ နှစ်အတော်ကြာနေပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ်မှာ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင် ထားဆဲပါ ။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ချန်ပီယံ မဖြစ်ဖူးတဲ့ အသင်းတွေထဲမှာ နိုင်ပွဲ ၈၃ ပွဲ နဲ့ နိုင်ပွဲ အများဆုံး အသင်း ဖြစ်နေပြီး သူ့နောက်မှာ ပီအက်စ်ဂျီ (၆၆ပွဲ) ၊ လိုင်ယွန် (၅၈ပွဲ) ၊ မန်စီးတီး(၄၉) ပွဲ တို့ အသီးသီး ရှိနေကြပါတယ် ။

အဲ့ဒီမှတ်တမ်းကို တွေ့ရှိပြီးနောက် အာဆင်နယ် ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာ မှာ ” ၁၉၉၈ ခုနှစ် နဲ့ ၂၀၀၆ ခုနှစ်အတွင်း ထိပ်တန်း လူစာရင်းကို ပိုင်ဆိုင်ထားချိန်မှာ ချန်ပီယံလိဂ် ဖလား တစ်လုံးလောက် ရခဲ့သင့်တာဗျာ ၊ အဲ့ဒီတုန်းက ကောင်းခဲ့သလို ဘယ်အချိန်မှ ပြန်ကောင်းမလဲ ဆိုတာ ကျနော်လည်း မသိတော့ပါဘူးဗျာ ။ ”

” ၂၀၀၆ ခုနှစ်တုန်းက ချန်ပီယံလိဂ် က ကျွန်တော်တို့ ဖလား ဖြစ်ခဲ့သင့်တာဗျာ ။ ဒါပေမယ့် အဲ့တုန်းက ကျနော် ၄ နှစ်သား ပဲ ရှိသေးတော့ အများကြီးတော့ မသိသေးဘူးပေါ့ဗျာ ။ ”

” ၂၀၀၆ ခုနှစ် ဗိုလ်လုပွဲ က ကျွန်တော့်ဘဝမှာ ထိခိုက် အနာကျင်ရဆုံး အမှတ်တရ တစ်ခုပါပဲဗျာ ။ ” စသည်ဖြင့် ရေးသား ထားကြပါတယ် ။

အာဆင်နယ် အသင်း ဂန္တဝင် နည်းပြ အာဆင်ဝင်းဂါး ကလည်း talk Sport နဲ့ အင်တာဗျူးမှာ ချန်ပီယံလိဂ် ချန်ပီယံ ဆုတံဆိပ် ကို Invincibles ဆုတံဆိပ်နဲ့ အလဲအထပ် လုပ်ချင်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။ “ဒါပေါ့ဗျာ ၊ ချန်ပီယံလိဂ် ချန်ပီယံ ဆုတံဆိပ် နဲ့ Invincibles ဆုတံဆိပ်ကို လဲလို့ ရရင် လဲလိုက်ချင်ပါတယ် ၊ ဒါပေမယ့် ဘောလုံးမှာက ခင်ဗျားအတွက် ရွေးချယ်စရာ မရှိပါဘူး ။ ”

” ၂၀၀၆ ခုနှစ်တုန်းက ကျွန်တော်တို့ အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကို တက်လှမ်း နိုင်ခဲ့ပါတယ် ၊ ရီးရဲလ် မက်ဒရစ် ၊ ဂျူဗင်တပ်စ်လို အသင်းတွေကို ဂိုးမပေးရဘဲ ကျော်ဖြတ် နိုင်ခဲ့ပါတယ် ။ ဖိုင်နယ်မှာ ကျတော့ ကျွန်တော်တို့ ပွဲစပြီး ၁၀ မိနစ် အကြာမှာပဲ တစ်ယောက်လျော့ နဲ့ ကစားခဲ့ရပါတယ် ။ ”

” ကျွန်တော့်ရဲ့ အကြီးမားဆုံး နောင်တ က ရွှေရောင်မျိုးဆက် နဲ့ အတူ ချန်ပီယံလိဂ် ဖလား မရခဲ့တာပါ ၊ ဒါပေမယ့်လည်းဗျာ ဘဝ မှာ ကိုယ်မဖြစ်ချင်တဲ့ အရာ တွေနဲ့ ရှင်သန် နေထိုင်ရတာမျိုးလည်း ရှိတတ်ပါတယ် ။ ” လို့ ​ပြောကြား ခဲ့ဖူးပါတယ် ။

SPORTS MYANMAR