အနာဂါတ် ကိုပဲ အဓိက မျှော်မှန်းထားပါတယ်လို့ ဘိုင်ယန်ကို ဂိုးပြန်ရှုံးနိမ့်အပြီးမှာ ရော်နယ်ကိုးမန်း ထုတ်ဖော်ပြောဆို

ဘာစီလိုနာ တို့ ဘိုင်ယန်မြုးနစ် ကို အကြွေးထပ်တင် ခဲ့ပြန်ပါပြီ ။

လွန်ခဲ့တဲ့ ၁ နှစ်ကျော် တုန်းက ၈-၂ နဲ့ ဂိုးပြတ် ရှုံးပြီး အရှက်ကွဲ ခဲ့ရမှု ကို ဒီရာသီ နူးကမ့်မှာ ပြန်လည် ချေဖျက်ဖို့ ကြိုးစား ခဲ့ပေမယ့် အဆုံးသတ် မှာ ဘာစီလိုနာ ပဲ ထပ်မံ ရှုံးနိမ့် ခဲ့ရ ပြန်ပါတယ် ။

ဒီတခါ မှာလည်း ဘာစီလိုနာ ဟာ ဘိုင်ယန်မြုးနစ် ကို ၃ ဂိုးပြတ် အရေးနိမ့် ခဲ့ရတာ ဖြစ်ပြီး ဂျာမန် ကလပ်ရဲ့ ဂိုးပေါက် ကို တကြိမ် တခါမှ တည့်မတ်အောင် ကန်သွင်း နိုင်ခြင်း မရှိခဲ့ ပါဘူး ။

ဘာစီလိုနာ အတွက်တော့ တကယ့်ကို စိတ်ဓါတ် ကျချင်စရာ ရှုံးပွဲ ပါပဲ ။

 

ဘာစီလိုနာ နည်းပြ ရော်နယ်ကိုးမန်း ဟာ တာစတီဂန် ကို ဂိုးပေါက် မှာ နေရာချခဲ့ပြီး ခံစစ်မှာ ဂါစီယာ ၊ ပီကေး နဲ့ အာရူဟို တို့ ၃ ဦး ကို ပွဲထုတ် ခဲ့ ပါတယ် ။

၃-၅-၂ နဲ့ ခင်းကျင်း ခဲ့တဲ့ ကစားကွက် မှာ ဆာဂျီ ရောဘတ်တို နဲ့ ဂျော်ဒီ အယ်ဘာ တို့က Wing-back တွေ အဖြစ် ပါဝင် ခဲ့ပြီး

ကွင်းလယ် မှာတော့ ဖရန်ကီ ဒီယွန် ၊ ပီဒရီ နဲ့ ဆာဂျီယို ဘက်စကွက် တို့ ပါဝင် လာခဲ့ကြပါတယ် ။

ရှေ့တန်းကတော့ ဒီပိုင်း ၊ လုခ် ဒီယွန် တို့ရဲ့ နယ်သာလန် တိုက်စစ် အတွဲ နဲ့ ကစားခဲ့တာပါ ။

ဘိုင်ယန် မြုးနစ် အတွက် သောမတ်စ် မူလာ က အဖွင့်ဂိုးကို စသွင်း ခဲ့ပြီး လီဝန်ဒေါ့စကီး က ကျန် ၂ ဂိုးကို သွင်းယူ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ အရှုံး ရလဒ် ကို ပြန်လည် ချေပလိုပေမယ့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ အဂွေရို ၊ မာတင် ဘရိသ်ဝိတ် တို့ ဒဏ်ရာ ရနေ ကြတာဟာ တိုက်စစ်မြှင့်ရာမှာ အခက်အခဲတွေ ဖြစ်စေခဲ့ ပါတယ် ။

နည်းပြ ကိုးမန်း ကတော့ ဒါဟာ သူတို့ အသင်းရဲ့ သရုပ်မှန် ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ သလို

လက်ရှိ အချိန်ထက် အနာဂါတ် ကိုသာ အဓိက ထား မျှော်မှန်း ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

“ကျွန်တော့ မှာ ရှေ့တန်းလူ ၃ ယောက်ပဲ ရှိပါတယ် ။

ဒီထက် ပိုကောင်းအောင် ကစားနိုင် ခဲ့သင့်တာ မှန်ပေမယ့် ဒါဟာ လက်ရှိ ကျွန်တော်တို့ ရဲ့ ပုံသဏ္ဍာန် အမှန် ပါပဲ ။

ဘိုင်ယန် ဟာ ကျွန်တော်တို့ ကို လွှမ်းမိုး ကစားနိုင်ခဲ့ ပါတယ် ။

အသင်းသားတွေရဲ့ စိတ်ဓါတ် နဲ့ ခံယူချက် အပေါ်ကိုတော့ ကျွန်တော် ဘာမှတ်ချက်မှ မပေးလိုပါဘူး ။

ကျွန်တော်တို့ အသင်းမှာ လူငယ် ကစားသမားကောင်းတွေ အများကြီး ရှိပါတယ် ။

၂ နှစ် ၃ နှစ် အတွင်းမှာ သူတို့ အရမ်းကောင်းတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ” လို့ ကိုးမန်း က ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ အသင်းခေါင်းဆောင် ဂျရတ် ပီကေး ကလည်း သူတို့ အသင်းဟာ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အသင်း မဟုတ်ဘူး ဆိုတာကို လက်ခံ ထားကြောင်း ပြောဆို ခဲ့သလို

ဘာစီလိုနာ ပရိသတ်တွေ ရဲ့ ဆာဂျီ ရောဘတ်တို အပေါ် လှောင်ပြောင်မှုတွေ အတွက်လည်း စိတ်မကောင်း ဖြစ်မိ တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

 

“ကျွန်တော်တို့ က ရေပန်းစားတဲ့ အသင်း မဟုတ်ပါဘူး ။

ဒါပေမယ့်လည်း အခုမှ အစပဲ ရှိပါသေးတယ် ။ ချန်ပီယံလိဂ် မှာ ဘာမဆို ဖြစ်သွား နိုင်တာပါ ။

မနှစ်က ချဲလ်ဆီး ကိုပဲ ကြည့်ပါ ။

ဒီပွဲက ကျွန်တော်တို့ ကို အများကြီး သင်ပြ ပေးခဲ့ ပါတယ် ။ ဘိုင်ယန် က ပိုကောင်းတဲ့ အသင်းဆိုတာ လက်ခံ ရမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ လူငယ်လေးတွေ မှာလည်း အနာဂါတ်ကောင်းတွေ ရှိတယ် ဆိုတာ မြင်တွေ့ ခဲ့ရမှာပါ”

“ဆာဂျီ ရောဘတ်တို ကို လှောင်ပြောင် တာတွေကိုတော့ ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ် ။ သူဟာ အသင်းကို တကယ် ချစ်မြတ်နိုးပြီး အသင်းအတွက် အနစ်နာ ခံတဲ့ လူစားမျိုးပါ ။

သူ့ကို လှောင်ပြောင် နေတဲ့ သူတွေကို သတိပေးချင်တာက သူဟာ တောင်ပံ ကစားသမား တယောက် မဟုတ်ဘူး ဆိုတာပါပဲ ။

သူက ကွင်းလယ်လူပါ ။

ဒီနေရာ ကို သူ့ရဲ့ အကောင်းဆုံး စွမ်းရည်တွေကို ချနင်း စတေးခံပြီး ကစားပေး နေတာပါ ။

ဒါကို နားမလည်ပေးဘဲ လှောင်ပြောင် နေတာတွေကို မြင်ရတာ တကယ့်ကို နာကျင်စရာ ပါပဲ” လို့ ပီကေးက ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ ချန်ပီယံလိဂ် အုပ်စု E မှာ ဘိုင်ယန်မြုးနစ် ၊ ဘင်ဖီကာ ၊ ဒိုင်နမိုကိဗ် တို့နဲ့ အတူ ကျရောက် နေတာ ဖြစ်ပြီး ယမန်နေ့ညက ဘင်ဖီကာ နဲ့ ဒိုင်နမိုကိဗ် တို့ ဂိုးမရှိ သရေကျ ခဲ့တာကြောင့် အမှတ်ကွာဟမှု သိပ်မရှိခဲ့ ပါဘူး ။

လာမယ့် ပွဲစဉ် မှာတော့ ဘာစီလိုနာ ဟာ ဘင်ဖီကာ အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

အဲ့ဒိ ပွဲစဉ် မတိုင်မီ မှာတော့ ဘာစီလိုနာ ဟာ ဂရန်နာဒါ ၊ ကာဒစ် ၊ လီဗန်တေး တို့နဲ့ လာလီဂါ ပွဲစဉ်တွေကို ကစားသွားရ ဦးမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR