ချန်ပီယံလိဂ် အုပ်စုမှာ အဆင့် ၃ ရရင် ယူရိုပါလိဂ်ကို မဆင်းရတော့ဘူးလား ?

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်တွေ အပြီးမှာတော့ ပရိသတ် အချို့ရဲ့ စိတ်ထဲမှာ သိချင်တဲ့ မေးခွန်း တခု ရှိလာခဲ့ ပါတယ် ။

အဲ့ဒါ ကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့် မှာ အဆင့် ၃ ရတဲ့ အသင်းဟာ ယူရိုပါလိဂ် ကို မဆင်းရတော့ ဘူးလား ဆိုတာပါပဲ ။

ဘာကြောင့် ဒီလို မေးခွန်း ထုတ်လာ ကြရသလဲ ဆိုရင်တော့

ယမန်နေ့ ညက မန်ချက်စတာ ယူနိုက်တက် ရှုံးနိမ့် သွားလို့ ပါပဲ ။

ယူနိုက်တက် ဟာ အုပ်စု တွင်းမှာ အင်အား အနည်းဆုံးလို့ သတ်မှတ် ထားတဲ့

ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ် ကို အဝေးကွင်းမှာ ၂ – ၁ နဲ့ အရေးနိမ့်ခဲ့ ပါတယ် ။

ဒါဟာ ယူနိုက်တက် ပရိသတ် အချို့ကို မနှစ်ကလို အိပ်မက်ဆိုးမျိုး ပြန်မက်ဖို့ အစပြု ခဲ့တာပါပဲ ။

 

အိုလေ ဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ မနှစ်က ရာသီ တုန်းက ချန်ပီယံလိဂ် မှာ အုပ်စု တတိယသာ ရခဲ့ပြီး ယူရိုပါလိဂ် ကို ဆင်းကစား ခဲ့ရ ပါတယ် ။

အဲ့ဒိ တုန်းက အုပ်စုတွင်း အင်အားကြီး PSG ကို အဖွင့် ပွဲစဉ် အဝေးကွင်းမှာ အနိုင် ကစားခဲ့သလို

ဒုတိယ ပွဲစဉ် မှာလည်း ဂျာမန် ကလပ် လိုက်ပ်ဇစ် ကို အိမ်ကွင်းမှာ ၅ ဂိုးပြတ် အနိုင် ကစားခဲ့တာကြောင့်

ယူနိုက်တက် ကို အားလုံးက အထင်ကြီး ခဲ့ကြပါတယ် ။

ဒါပေမယ့် တတိယ ပွဲစဉ် မှာတော့ အုပ်စုတွင်း အင်အား အနည်းဆုံးလို့ သတ်မှတ် ထားတဲ့

တူရကီကလပ် အစ္စတန်ဘူ ကို အဝေးကွင်းမှာ ရှုံးနိမ့် ခဲ့ပြီး PSG နဲ့ လိုက်ပ်ဇ် တို့ကို အခွင့်အရေး ရရှိ စေခဲ့ ပါတယ် ။

နောက်တကျော့ မှာတော့ PSG ကိုရော လိုက်ပ်ဇစ် ကိုပါ အရေးနိမ့် ပြီး ယူနိုက်တက် တို့ ယူရိုပါလိဂ် ကို သက်ဆင်း ခဲ့ရတာပဲ ဖြစ်ပါတယ် ။

 

ဒီရာသီ မှာလည်း မန်ချက်စတာ ယူနိုက်တက် ဟာ ယန်းဘွိုင်းစ် ၊ အတ္တလန်တာ ၊ ဗီလာရီးရဲ တို့နဲ့ အတူ တအုပ်စုတည်း ကျရောက်ခဲ့ ပါတယ် ။

အုပ်စု ဗိုလ်ဖြစ်ဖို့ ရေပန်း အစားဆုံး ဖြစ်နေပေမယ့် ယမန်နေ့ညက အရှုံး ရလဒ် ဟာ မနှစ်ကလို အဖြစ်ဆိုးမျိုး နဲ့ ပြန်ပြီး ကြုံရ နိုင်တယ် ဆိုတာကို သတိပေး ခေါင်းလောင်း ထိုးလိုက် တာပါပဲ ။

ဒါပေမယ့် အချို့ ပရိသတ်တွေ ဟာ ဒီနှစ် ချန်ပီယံလိဂ် မှာ အဆင့် ၃ ရတဲ့ အသင်းတွေ

ယူရိုပါလိဂ် ကို ဆင်းကစားဖို့ မလိုတော့ဘူးလို့ အမှတ်မှား ခဲ့ကြပါတယ် ။

Page ကိုလည်း လာရောက် မေးမြန်းမှုတွေ ရှိလာခဲ့ပါတယ် ။

ဒါကြောင့် ဒီမေးခွန်း အတွက် ရေးသားဖော်ပြ ပေးလိုက်ရတာပဲ ဖြစ်ပါတယ် ။

လွယ်လွယ် နဲ့ အတိုဆုံး ပြောရရင်တော့ “ဆင်းရပါမယ်” လို့ ဖြေရမှာပါ ။

ဟုတ်ပါတယ် ။ ချန်ပီယံ လိဂ် အုပ်စု မှာ တတိယ ရတဲ့ အသင်းတွေ ဟာ အရင်နှစ်တွေ တုန်းကလိုပဲ

ယူရိုပါလိဂ် ကို ဆင်းသက် ကစားရမှာပါ ။

ဒါပေမယ့် အပြောင်းအလဲ နည်းနည်းတော့ ရှိပါတယ် ။

ဒီနှစ် မှာ UEFA ကွန်းဖရန့်လိဂ် ထည့်သွင်း ကျင်းပမှုနဲ့ အတူ ပြိုင်ပွဲ Format အချို့ ကို ဥရောပ ဘောလုံး အဖွဲ့ချုပ်က ပြောင်းလဲ ခဲ့ ပါတယ် ။

ဒါကြောင့် ပရိသတ် အချို့ မျက်စိ လည် သွားခဲ့ပြီး ချန်ပီယံလိဂ် အုပ်စု က တတိယ အသင်းတွေ ယူရိုပါလိဂ် ကို မဆင်းရဘဲ အိမ်ပြန် ကြရမယ် လို့ အမှတ်မှားခဲ့ကြတာ ဖြစ်နိုင်ပါတယ် ။

 

ဒီပုံစံသစ်ကို ရှင်းပြဖို့ အတွက် ယခင် ပုံစံဟောင်းကို ပြန်မှတ်မိ နေဖို့ လိုပါတယ် ။

အရင်နှစ်တွေက ပုံစံ အရ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ တတိယ ရတဲ့ အသင်း ၈ သင်း ဟာ ယူရိုပါလိဂ် ရဲ့

၃၂ သင်းဆင့် ရှုံးထွက် အဆင့်ကို ဝင်ရောက် ကစားကြရ ပါတယ် ။

အဲ့ဒိ အဆင့်မှာ ယူရိုပါလိဂ် အုပ်စု ၁၂ ခုက အုပ်စုဗိုလ် ၁၂ သင်း ၊ အုပ်စု ဒုတိယ ၁၂ သင်း ၊ စုစုပေါင်း ၂၄ သင်း ဟာ

ချန်ပီယံလိဂ် ကနေ ဆင်းလာတဲ့ ၈ သင်းနဲ့ အတူ Round of 32 အဖြစ် ယှဉ်ပြိုင် ကစား ခဲ့ကြရ တာပဲ ဖြစ် ပါတယ် ။

 

 

ဒီနှစ် မှာတော့ ယူရိုပါလိဂ် အုပ်စု အဆင့် ကို ၁၂ ခု ကနေ ၈ ခု အထိ ခြုံ့ လိုက်ပါပြီ ။

ဒါကြောင့် အုပ်စု တခုစီက အုပ်စုဗိုလ် ၈ သင်း နဲ့ အုပ်စု ဒုတိယ ၈ သင်းတို့သာ နောက်တဆင့်ကို တက်ရောက် ကြတော့မှာပါ ။

ဒါပေမယ့် အုပ်စု ဗိုလ် ၈ သင်းဟာ အရင်ရာသီတွေ တုန်းကလို Round of 32 မှာ မကစား ရတော့ ပါဘူး ။

ဒီနှစ် မှာ အကြို ရှုံးထွက် အဆင့် ( Preliminary Knockout Round ) ဆိုပြီး တဆင့် ထည့်သွင်းထားပါတယ် ။

အဲ့ဒိ အဆင့်မှာ ချန်ပီယံလိဂ် အုပ်စု တတိယ နဲ့ ဆင်းလာမယ့် ၈ သင်းဟာ

ယူရိုပါလိဂ် အုပ်စု ဒုတိယ ၈ သင်း နဲ့ မဲနှိုက်ကြပြီး ၂ ကျော့ ရှုံးထွက် ပွဲစဉ်တွေ အဖြစ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

အဲ့ဒိ အချိန်မှာ ယူရိုပါလိဂ် အုပ်စု ပထမ ၈ သင်းဟာ မကစားရ သေးဘဲ

နောက်တဆင့် ကနေ စောင့်ဆိုင်း နေကြမှာပါ ။

၁၆ သင်းဆင့် ( Round of 16 ) မှာတော့ အကြို ရှုံးထွက် အဆင့် မှာ အနိုင် ရရှိလာမယ့် ၈ သင်း နဲ့ ယူရိုပါလိဂ် အုပ်စု ပထမ ၈ သင်းတို့ပါဝင် ကြမှာ ဖြစ်ပါတယ် ။

ကျန်တဲ့ ကွာတား ၊ ဆီမီး နဲ့ ဗိုလ်လုပွဲ အဆင်တွေကတော့ အရင်နှစ်တွေ တုန်းက အတိုင်းပဲ ဖြစ်ပါတယ် ။

 

ယူရိုပါ ကွန်ဖရန့် လိဂ် ရဲ့ ရှုံးထွက် ပွဲစဉ် ကလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ် ။

ယူရိုပါလိဂ် အုပ်စု ၈ ခုကနေ တတိယ ရတဲ့ အသင်း ၈ သင်းဟာ အကြို ရှုံးထွက် အဆင့် အဖြစ်

ကွန်းဖရန့် လိဂ် အုပ်စု ဒုတိယ ၈ သင်းနဲ့ မဲနှိုက်ကာ ယှဉ်ပြိုင် ကစား ကြရမှာပါ ။

အနိုင် ရလာမယ့် ၈ သင်းကတော့ နောက်တဆင့်မှာ ကွန်းဖရန့်လိဂ် အုပ်စုဗိုလ် ၈ သင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

ကွာတား ၊ ဆီမီး နဲ့ ဗိုလ်လုပွဲတွေ ကတော့ ယူရိုပါလိဂ် ၊ ချန်ပီယံလိဂ် တို့နဲ့ အတူတူ ပဲ ဖြစ် ပါတယ် ။

ဒီလိုမျိုး အကြို ရှုံးထွက် အဆင့် ဆိုပြီး ခွဲခြားလိုက်တာဟာ ဘာများ ပိုထူးသွားမလဲလို့

မေးချင်စရာ ရှိပါတယ် ။ ဆုကြေးပါပဲ ။

အရင်ရာသီတွေ တုန်းက ယူရိုပါလိဂ် အုပ်စု ပထမ နဲ့ ဒုတိယ အသင်းတွေဟာ

၃၂ သင်းဆင့်မှာ အတူတူ ကစား ကြရတာကြောင့် အဆိုပါ အဆင့်မှာ

ပြုတ်သွားတဲ့ အုပ်စု ပထမ အသင်းတွေ ဟာ

အုပ်စု ဒုတိယ အသင်းတွေနဲ့ ဆုကြေးအတူတူသာ ရရှိခဲ့ကြပါတယ် ။

ဒီရာသီ မှာတော့ အကြို ရှုံးထွက် အဆင့်က အသင်းတွေဟာ ဆုကြေး ယူရို ၅ သိန်းသာ ရရှိမှာ ဖြစ်ပြီး

၁၆ သင်းဆင့် အသင်းတွေကတော့ ယူရို ၁၂ သိန်း ( ၁.၂ သန်း ) ရရှိမှာပဲ ဖြစ် ပါတယ် ။

 

ဒီနှစ် ယူရိုပါလိဂ် နဲ့ ကွန်းဖရန့်လိဂ် တို့ရဲ့ အကြို ရှုံးထွက် ပွဲစဉ်တွေ ကို

ဒီဇင်ဘာ ၁၃ ရက်နေ့ မှာ မဲခွဲသွားမှာ ဖြစ်ပြီး ပထမ အကျော့ကို ၂၀၂၂ ဖေဖော်ဝါရီ ၁၇

ဒုတိယ အကျော့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွေ မှာ ယှဉ်ပြိုင် ကစား သွားကြမှာပဲ ဖြစ် ပါတယ် ။

ဒါကြောင့် အချုပ် အနေနဲ့ ပြောရရင်တော့

ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ တတိယ ရရှိမယ့် အသင်းတွေဟာ

အရင်ရာသီတွေ တုန်းကလိုပဲ ယူရိုပါလိဂ် ဖလားကို မျှော်လင့်ခွင့် ရရှိ ဦးမှာ ဖြစ်ပါကြောင်း . . . . .

 

SPORTS MYANMAR