ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်တဲ့ ကန်တေရဲ့ ရိုးသား ဖော်ရွေတဲ့ လုပ်ရပ် တခု

ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ဘောလုံးကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တိုင်းရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ကမ္ဘာ့ အဆင့် ကစားသမား တဦး ဖြစ်ပြီး ၊ သူ့ရဲ့ ရိုးသားမှု ၊ မိမိကိုယ်ကို နှိမ့်ချတတ်တဲ့ အမူအကျင့်တွေကြောင့် ပြိုင်ဖက် ပရိသတ်တွေကပင် ချစ်ခင်ကြတာ ဖြစ်ပါတယ် ။

ကန်တေ ဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖြစ်တဲ့ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲ အပြီး ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လီဗာပူးနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ပွဲရဲ့ ပထမပိုင်း အပြီး လူစားလဲခံခဲ့ရကာ ၊ အခုအခါမှာ ကြံ့ခိုင်မှု ရာနှုန်းပြည့် ပြန်ရဖို့ ကြိုးစားနေပါတယ် ။

ပြီးခဲ့တဲ့ ဇင်းနစ်နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ကန်တေကို အရန်စာရင်း အတွက်ပင် ခေါ်ဆောင်လာခဲ့ခြင်း မရှိပဲ ၊ အပြည့်အဝ အနားယူစေခဲ့ပါတယ် ။ လာမယ့် တနင်္ဂနွေနေ့ညမှာ ကစားမယ့် တော့တင်ဟမ် အသင်းနဲ့ လန်ဒန်ဒါဘီပွဲမှာတော့ ကန်တေ တယောက် ပြန်ကစားနိုင်ဖို့ မျှော်လင့်ရပါတယ် ။

အသက် ၃၀နှစ် အရွယ် ၊ ယင်း ပြင်သစ် လက်ရွေးစင် ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ မတိုင်မီ ၊ နေအိမ်အတွက် စျေးဝယ်ထွက်ရင်း ၊ လန်ဒန်က စူပါမားကတ် တခု ဖြစ်တဲ့ Asda မှာ ပရိသတ် တဦးက ၄င်းနဲ့ အတူ ဓာတ်ပုံ ရိုက်ခွင့် တောင်းဆိုခဲ့ရာ ၊ ကန်တေ က လက်ခံပေးခဲ့သလို ၊ ခဏတာ စကားစမြည်လည်း ပြောခဲ့ပါသေးတယ် ။

ကန်တေ ဟာ အသုံးစရိတ်ကို လျှော့ချဖို့ အတွက် ၊ delivery နဲ့ စားသောက်ကုန်တွေ မှာယူခဲ့ခြင်း မရှိပဲ ၊ ကိုယ့်အားကိုယ်ကိုးပြီး စျေးဝယ်ထွက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ် ။ စျေးဝယ်ထွက်ရင်း ကန်တေနဲ့ ကြုံကြိုက်ခဲ့တဲ့ ဆာဖရက်ဇ် အာမတ်လို့ အမည်ရတဲ့ ပရိသတ် တဦး က ကန်တေရဲ့ စိတ်ရင်းကောင်းပုံ အကြောင်းကို သူ့ရဲ့ တွစ်တာကတဆင့် အခုလို တင်ခဲ့ပါတယ် ။

အာမတ် က ” Asda မှာ ဝယ်စရာ အချို့ အတွက် စျေးဝယ်ထွက်ဖို့ ရောက်လာရင်း … ဒီမှာ ကြည့်ပါဦး … ဘယ်သူနဲ့ဆုံခဲ့သလဲလို့ ။ အန်ဂိုလို ကန်တေ … What a player ! ဘယ်လောက် ဖော်ရွေဖို့ကောင်းလိုက်တဲ့ လူသားတဦးလဲ ။ ဓာတ်ပုံ တွဲရိုက်ဖို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့သလို ၊ တကယ်လည်း ယဉ်ကျေးပါတယ် ။ ကျွန်တော် ပြောတဲ့ စကားတွေကိုလည်း စိတ်ရှည်ရှည်နဲ့ နားထောင်ပေးခဲ့တယ် ၊ သူ့လို အဆင့်အတန်းမျိုးနဲ့ ကစားသမား တယောက် အတွက် ဒါဟာ ရိုးသား နှိမ့်ချလွန်းတဲ့ အပြုအမူပါပဲ ” လို့ ရေးသားခဲ့ပါတယ် ။

ကန်တေ ဟာ ပြီးခဲ့တဲ့ ဇင်းနစ်နဲ့ ပွဲမှာ အရန်စာရင်းတွင်ပင် မပါဝင်ခဲ့ပေမယ့် ၊ UEFA ဥက္ကဋ္ဌ ဆက်ဖာရင် ကိုယ်တိုင် လာရောက် ချီးမြှင့်ခဲ့တဲ့ ဥရောပ တနှစ်တာ အကောင်းဆုံး ကွင်းလယ်လူဆုကို စတမ်းဖို့ဒ်ဘရစ်ခ်ျ အထိ လက်ခံ ရယူခဲ့ပါတယ် ။

တပတ်လုပ်ခ ပေါင် ၂၉၀၀၀၀ အထိ ရရှိနေတဲ့ ကန်တေ ဟာ ကမ္ဘာကျော် စတားတွေလို ထင်ထင်ပေါ်ပေါ် မနေတတ်ဘူး ဆိုတာ သူ စီးတဲ့ ပေါင် ၁၆၀၀၀ သာ တန်ကြေးရှိတဲ့ မီနီကူးပါး ကားလေး က သက်သေထူနေပါတယ် ။ ဒါဟာ သူ ၂၀၁၅ ခုနှစ်မှာ လက်စတာသို့ ပြောင်းရွှေ့ ရောက်ရှိလာကတည်းက မောင်းနှင်နေတဲ့ ကားလည်း ဖြစ်ပါတယ် ။

၂၀၁၈ ခုနှစ်တုန်းကလည်း ကန်တေ ဟာ ပြင်သစ်သို့ သွားမယ့် ရထားခရီး မမှီခဲ့လို့ ၊ လန်ဒန်မှာပဲ ကျန်ရစ်ခဲ့ပြီးနောက် ၊ ဗလီ တက်ခဲ့တဲ့ တရက်မှာ ပရိသတ် တဦးနဲ့ ဆုံတွေ့ခဲ့ပြီး ၊ ၄င်းက နေအိမ်သို့ ထမင်းစားဖိတ်ခဲ့ရာ ၊ ကန်တေ ကိုယ်တိုင် တရင်းတနှီးနဲ့ သွားရောက်ခဲ့သလို ၊ FIFA ဂိမ်းကိုလည်း အတူ ကစားပေးခဲ့ဖူးပါတယ် ။

SPORTS MYANMAR