ဒီတပတ် ကစားမယ့် အမှတ်ပေး ပွဲစဉ်တွေ ထဲက စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲကောင်း ၅ ပွဲ

ဥရောပ ပြိုင်ပွဲတွေ ဖြစ်တဲ့ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် နဲ့ ဒီနှစ်မှ အသစ် ထည့်သွင်းတဲ့

ကွန်းဖရန့်လိဂ် တို့ရဲ့ အုပ်စု အဖွင့် ပွဲစဉ်တွေ ကတော့ ပြီးဆုံး သွားခဲ့ ပါပြီ ။

ပြိုင်ပွဲဝင် ခဲ့တဲ့ အသင်းတွေ ကတော့ ဘယ်လို ရလဒ်တွေ ပဲ ထွက်ပေါ်ခဲ့ သည်ဖြစ်ပါစေ

ဒါတွေကို မေ့ထားပြီး ရှေ့ဆက် ကြရ တော့မှာပါ ။

ဒီတပတ် ကစားမယ့် အမှတ်ပေး ပွဲစဉ်တွေ မှာတော့ အသင်းကြီးချင်း ထိပ်တိုက် တွေ့ဆုံမှုတွေ

အကျိတ် အနယ် ရှိမယ့် ပွဲစဉ်ကောင်းတွေ ပါဝင် နေခဲ့ ပါတယ် ။

ဒါကြောင့် ဒီတပတ် ကစားကြမယ့် အမှတ်ပေး ပွဲစဉ်တွေ အထဲက အကျိတ်အနယ် အရှိဆုံး ပွဲစဉ် ၅ ပွဲ ကို ထုတ်နှုတ် ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၅ ။ PSG – လိုင်ယွန်

ပြင်သစ်လိဂ် မှာ PSG ဟာ ၁၀၀% နိုင်ပွဲ ရရှိ ထားတဲ့ တသင်းတည်းသော အသင်းပါ ။

ဂိုးကွာခြားမှု မှာလည်း +၁၁ ဂိုးနဲ့ အများဆုံး အဖြစ် ရပ်တည် နေပါတယ် ။

ဒါပေမယ့် ပိုချက်တီနို ရဲ့ အသင်းဟာ ခုချိန်ထိ မနှစ်က အဆင့် ၁၀ အောက်က အသင်းတွေ နဲ့ပဲ ရင်ဆိုင် ရသေးတာပါ ။

အဲ့ဒိ အထဲမှာ ဒီနှစ်မှာ ပြင်သစ် ရဲ့ အမြင့်ဆုံး လိဂ် ကို မြည်းစမ်းခွင့် ရတဲ့ ကလီမွန်ဖု တို့လို အသင်းတွေ ပါခဲ့ ပါတယ် ။

 

လိုင်ယွန် ကတော့ PSG ကို ရှေ့က အသင်းတွေနဲ့ ခြားနားတဲ့ ခက်ခဲမှုကို ပေးစွမ်းမှာပါ ။

မနှစ် တုန်းက လည်း သူတို့ PSG ကို ၁ – ၀ နဲ့ အနိုင်ခဲ့ ပါတယ် ။

မူဆာ ဒမ်ဘီလီ က ဒီရာသီမှာ ပုံစံကောင်း ပြနေပြီး နောက်ဆုံး ၃ ပွဲမှာ ၄ ဂိုးထိ သွင်းထားပါတယ် ။

လိုင်ယွန် ရဲ့ ခံစစ် ကလည်း တိုက်စစ်နဲ့ အပြိုင် အလှူပေး နေတာပါ ။

မက်ဆီ – နေမာ – ဘာပေ တို့ရဲ့ တိုက်စစ်သာ အချိတ်အဆက် မိခဲ့မယ် ဆိုရင်တော့ ဂိုးသွင်းပြိုင်မယ့် ပွဲကောင်း တပွဲကို မြင်ရဖို့ သေချာသလောက် ပါပဲ ။

 

၄ ။ ဝက်စ်ဟမ်း – မန်ချက်စတာ ယူနိုက်တက်

 

ဒီရာသီ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ မတွေ့ သေးတဲ့ အသင်း ၅ သင်းပဲ ကျန်ပါတော့တယ် ။

အဲ့ဒိ အထဲက ၂ သင်း ခုအပတ် မှာ တွေ့ကြပါပြီ ။

ဝက်စ်ဟမ်း က ၄ ပွဲမှာ ၁၀ ဂိုး သွင်းပြီး ဂိုးသွင်း အများဆုံး စာရင်းဝင်ထား ပါတယ်။

ဒါပေမယ့် အားထားရတဲ့ အန်တိုနီယို မပါနိုင်တာက ဒီပွဲ အတွက် အားလျော့စရာ ပါပဲ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ပြန်ရောက်လာမှု နဲ့ အတူ စိတ်ဓါတ် တက်ကြွ နေပြီး

နယူးကာဆယ် ကို ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။

ဒါပေမယ့် ဒီအပျော်တွေ ကို ယန်းဘွိုင်းစ် က ချန်ပီယံလိဂ် မှာ ငြိမ်းသတ် ခဲ့ပါပြီ ။

ဒါကြောင့် ဒီပွဲကနေ အပျော်တွေကို ပြန်ရှာ ရတော့မှာပါ ။ ဒါပေမယ့် ထင်သလောက် လွယ်မှာတော့ မဟုတ်ပါဘူး ။

 

၃ ။ ဗလင်စီယာ – ရီးရဲ မက်ဒရစ်

 

အဆင့် ၁ နေရာက ရီးရဲ ကို စမ်းသပ်မယ့် ပွဲပါ ။

ဗလင်စီယာ က ရီးရဲ နဲ့ ၁၀ မှတ်ချင်း တူသလို ဂိုးကွာခြားချက် လည်း တူပါတယ် ။

ရီးရဲက သွင်းဂိုး ပိုများနေတာကြောင့်သာ ဗလင်စီယာ တို့ ဒုတိယ နေရာကို ရောက်နေခဲ့ တာပါ ။

အိမ်ရှင် အသင်းမှာ ကားလိုစ့် ဆိုလာ ခြေစွမ်းပြ နေပြီး ဂိုးတွေ ဆက်တိုက် သွင်းထားပါတယ် ။

ရီးရဲ ဘက်မှာလည်း လူငယ်တွေ ခြေစွမ်း တောက်ပမှုတွေ နဲ့ အတူ ချန်ပီယံလိဂ် အထိ ပါ နိုင်ပွဲ ဆက်ထား တာပါ ။

ဒီပွဲ မှာ ဘယ်သူ နိုင်ပြီး အဆင့် ၁ နေရာကို သိမ်းပိုက်မလဲ ၊

ဒါမှ မဟုတ် တတိယ နေရာက အက်သလက်တီကို မက်ဒရစ် အတွက်ပဲ အခွင့်အရေး ဖြစ်သွားမလား ဆိုတာ စိတ်ဝင်စား ဖို့ ကောင်းနေပါတယ် ။

 

၂ ။ ယူဗင်တပ် – အေစီမီလန်

 

လက်ရှိ မှာ အေစီမီလန် က အဆင့် ၂ ၊ ယူဗင်တပ် က အဆင့် ၁၆ မှာပါ ။

စီးရီးအေ ကို ကြီးစိုး ထားတဲ့ ယူဗင်တပ် တို့ မနှစ်က အမှတ်ပေး ဖလား ကို လက်လွှတ် ခဲ့ရသလို

ဒီနှစ် မှာလည်း ခုထိ နိုင်ပွဲ မတွေ့ သေးပါဘူး ။

ချန်ပီယံလိဂ် မှာတော့ ဂိုးပြတ် နိုင်ပွဲ နဲ့ ဖွင့် နိုင်ခဲ့လို့ စိတ်အား တက်စရာ ဖြစ်ခဲ့ ပါတယ် ။

၂ သင်းစလုံး လူစုံ ပါဖို့ ရှိနေပြီး ဇလာတန် ပြန် ကစားနိုင်မယ် ဆိုရင် အေစီမီလန် တို့ ရလဒ် ကောင်းဖို့

ပိုပြီး အလေးသာနိုင် ပါတယ် ။

 

၁ ။ တော့တင်ဟမ် ဟော့စပါး – ချဲလ်ဆီး

 

ဘောလုံး လိဂ်တွေ ထဲမှာ ပရီးမီးယားလိဂ် က အကျိတ် အနယ် အရှိဆုံးပါ ။

ပရီးမီးယားလိဂ် မှာ ဆိုရင်တော့ ဒါဘီ ပွဲတွေက ပို စိတ်ဝင်စားဖို့ ကောင်းပြီး ပြိုင်ဆိုင်မှု ပိုပြင်းထန် ကြပါတယ် ။

အဲ့ဒိ အထဲမှာ တော့တင်ဟမ် ဟော့စပါး နဲ့ ချဲလ်ဆီး တို့ရဲ့ လန်ဒန် ဒါဘီ လည်း တခု အပါအဝင်ပါ ။

မန်စီးတီး ကို နိုင်ပြီး စပါးတို့ ရာသီ အဖွင့်လှ ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရလဒ်တွေ ဆက်တိုက် ကျလာဲ့ ပါတယ် ။

ဒါကို ဒီပွဲ မှာ အဖတ်ပြန်ဆယ် နိုင်မလား ဆိုတာ စိတ်ဝင်စား စရာပါပဲ ။

 

ချဲလ်ဆီး ကတော့ အားလုံးက ချန်ပီယံလောင်း လို့ သတ်မှတ် နေကြတာဟာ ထိုက်တန်မှု ရှိရဲ့လား ဆိုတာ

ဒီပွဲ နဲ့ ထပ်ပြီး စမ်းသပ် စစ်မေး ခံရဦးမှာပါပဲ ။

စပါး ဘက်မှာ လူမစုံ နိုင်ပေမယ့် ချဲလ်ဆီး ကတော့ ကန်တီ ပြန်ပါလာ နိုင်ခဲ့မယ် ဆိုရင် ပိုပြီး တောင့်တင်း သွားမှာပါ ။

အိမ်ရှင် ထက် ဧည့်သည် က ပိုအလေးသာနေ ပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ် ။

ဒါဘီ ပွဲ တပွဲ ရဲ့ စံချိန်စံညွှန်းနဲ့ အညီ အကျိတ် အနယ် ရှိမှာ ကတော့ အသေအချာပါပဲ ။

 

SPORTS MYANMAR