ဝက်စ်ဟမ်း ၁-၂ မန်ယူနိုက်တက် ပွဲက သရဲနီ တို့ရဲ့ Rating များ

ကြားရက်မှာ ကစားတဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲကို ရှုံးနိမ့် ခဲ့ အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ ညမှာ လန်ဒန် ကို သွားရောက်ပြီး ဝက်စ်ဟမ်း ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ ပါတယ် ။

နည်းပြ ဆိုးရှား ဟာ တိုက်စစ်မှာ ဂရင်းဝုဒ် ၊ ရိုနယ်ဒို ၊ ဖာနန်ဒက်စ် နဲ့ ပေါ့ဘာ တို့ကို ပွဲထုတ် ခဲ့ပြီး

ကွင်းလယ် မှာ ဖရက်ဒ် နဲ့ တော်မီနေး တို့ အတွဲ ကို ပြန်သုံးသွားခဲ့ ပါတယ် ။

နောက်တန်း ကတော့ အရင်ပွဲတွေက အတိုင်းပါပဲ ။

ဝက်စ်ဟမ်း ကလည်း အဓိက တိုက်စစ်မှူး အန်တိုနီယို ပွဲပယ် ကြောင့် မပါနိုင်ပေမယ့်

ဘိုဝင် ၊ ဖော်နယ် ၊ ဗလာဆစ် ၊ ဘန်ရာမာ ၊ ဒီကလန် ရိုက်စ် ၊ တိုမက် ဆူချက် ၊ ဇူးမား ၊ ခရပ်စ်ဝဲလ် တို့နဲ့

လူစုံ ပါဝင် လာခဲ့ကြပါတယ် ။

 

ဒေးဗစ် မိုရက်စ် ရဲ့ ဝက်စ်ဟမ်း ဟာ ဒီကနေ့ မှာ ယူနိုက်တက် ကို အပြန် အလှန် ကစားနိုင်ခဲ့ပြီး

အထူးသဖြင့် ခံစစ် ကစားပုံ ကောင်းမွန် ခဲ့ ပါတယ် ။

ယူနိုက်တက် ဘက်က ထောင့်ကန်ဘောတွေ အများကြီး ရခဲ့ ပေမယ့်

ဝက်စ်ဟမ်း နောက်တန်းက ရိုနယ်ဒို အပါအဝင် အရပ်အမောင်းမြင့်မားတဲ့ ယူနိုက်တက် ကစားသမားတွေကို တားဆီး နိုင်ခဲ့ ပါတယ် ။

ရှေ့တန်း ကတော့ ဒုတိယပိုင်း ၆၅ မိနစ် နောက်ပိုင်းမှာ ပိုမို ဖိကစားနိုင် ခဲ့ပြီး ပထမပိုင်း မှာတော့ အခွင့်အရေး အချို့ ကို အသုံးမချ နိုင်ခဲ့ ပါဘူး ။

ပထမပိုင်း မိနစ် ၃၀ မှာတော့ ဝက်စ်ဟမ်း တို့ ဦးဆောင်ဂိုး ရသွားခဲ့ ပါတယ် ။

 

ဒီဂိုး ကို ဘန်ရာမာ က ကန်သွင်း ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် နောက်ခံလူ ဗာရန်း နဲ့ ထိကာ လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အိမ်ရှင် တို့ရဲ့ အပျော်ဟာ ၅ မိနစ်သာ ခံခဲ့ပြီး

၃၅ မိနစ် မှာတော့ ရိုနယ်ဒို က မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုး ကို ပြန်သွင်း ပေးသွားခဲ့ ပါတယ် ။

ရုပ်သံ ပြကွက် တွေမှာ ရိုနယ်ဒို ရဲ့ လက်ဟာ ဝက်စ်ဟမ်း နောက်တန်းလူကို ကျော်ပြီး ထွက်နေ ပေမယ့်

ပြန်လည် ပြောင်းလဲထားတဲ့ လူကျွံဘော စည်းမျဉ်း အရ ခြေထောက် နဲ့ ကိုယ်လုံး မကျွံတဲ့ အတွက် ရိုနယ်ဒို ရဲ့ ဂိုးဟာ ပယ်ဖျက် မခံ ခဲ့ရ ပါဘူး ။

ပထမပိုင်း အပြီး မှာတော့ ၁ ဂိုးစီ သရေနဲ့ အဆုံးသတ် ခဲ့ပါတယ် ။

 

ဒုတိယပိုင်း အစ မှာ ဝက်စ်ဟမ်း ကစားသမားတွေ လူပေးမှားတာက တဆင့် ရိုနယ်ဒို အပိုင်ကန်ခွင့် ရခဲ့ ပေမယ့်

ဖေဘီယံ စကီး ကာကွယ် နိုင်ခဲ့ ပါတယ် ။

နောက်ပိုင်းမှာတော့ ရိုနယ်ဒို ပင်နယ်တီ ၃ ကြိမ် တောင်းခဲ့ပေမယ့် ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန် နဲ့ VAR အဖွဲ့ က ငြင်းပယ် ခဲ့ပါတယ် ။

ပွဲပြီး ခါနီး မှာတော့ လူစားဝင် လာတဲ့ ဂျက်ဆီ လင်ဂတ် က ယူနိုက်တက် အတွက် အနိုင် ဂိုးကို သွင်းပေး ခဲ့ ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေ ရဲ့ အပျော် ဟာ မိနစ် ၉၀ ကျော်က လုခ်ရှော ရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ပေးခံရချိန် မှာ စိုးရိမ်စရာ ဖြစ်လာခဲ့ရ ပါတယ် ။

ဒါပေမယ့် ဒီပင်နယ်တိ ကို ဒီဂီယာ ကာကွယ် ပေးသွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ကို

၃ မှတ် နဲ့ အိမ်ပြန်လာ စေခဲ့ ပါတယ် ။

 

ဒီကနေ့ ကစားခဲ့တဲ့ ပွဲက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ရဲ့ Rating တွေကတော့ –

 

ဒီဂီယာ – ၈

ပထမပိုင်း မှာ ဘိုဝင် ရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ သလို နောက်ဆုံး မိနစ် မှာလည်း

ပင်နယ်တီ ကာကွယ်ပြီး ယူနိုက်တက် ကို ၃ မှတ် အပြည့် ရစေခဲ့ ပါတယ် ။ ပေးလိုက်ရတဲ့ ဂိုးမှာလည်း စပိန်သား အပြစ် မပါခဲ့ပါဘူး ။

အာရွန် ဝမ် ဘစ်ဆာကာ – ၆

ပထမပိုင်း မှာတော့ ဘစ်ဆာကာ တယောက် ခံစစ် ကစားပုံ ကောင်းခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ မိနစ် ၇၀ နောက်ပိုင်း ခံစစ် ကစားပုံ အားမရ ခဲ့ပါဘူး ။

တိုက်စစ် လိုက်ပါမှု ကတော့ ၂ ပိုင်းစလုံး မကောင်းခဲ့တာပါ ။

 

ရာဖေး ဗာရန်း – ၇

ဘန်ရာမာ ရဲ့ ကန်ချက် သူ့ကို ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင် သွားခဲ့တာက လွဲရင် ပြင်သစ်သား ရဲ့ ကစားပုံ က ဒီနေ့ မှာလည်း ပုံမှန် ခြေစွမ်းအထက် မှာ ရှိခဲ့ ပါတယ် ။

 

ဟယ်ရီ မက်ဂွဲယား – ၅

ပထမပိုင်း မှာရော ဒုတိယပိုင်း မှာပါ အလွဲ အချော်တွေ လုပ်ခဲ့ ပါတယ် ။ ဒုတိယပိုင်းမှာ ဆိုရင် လူပေးမမှန် တာတွေတောင် ရှိခဲ့ တာပါ ။

 

လုခ်ရှော – ၆

တိုက်စစ် လိုက်ပါတာတွေရှိခဲ့ သလို ထောင့်ကန်ဘောတွေ လည်း အများကြီး ကန်တင်ခဲ့ရ ပါတယ် ။

ဒါပေမယ့် အကျိုးသက်ရောက်မှု ကတော့ မရှိသလောက် ပါပဲ ။

သေချာတာကတော့ ဒီနေ့ ပွဲဟာ ရှော ကိုယ်တိုင် အားရမယ့် ပွဲမျိုး မဖြစ်ခဲ့ပါဘူး ။

 

စကော့ မက် တော်မီနေး – ၆

ကွင်းလယ် ခံစစ် မှာ ပြန်ပါလာခဲ့ ပြီး ဝက်စ်ဟမ်း ရဲ့ ဒီကလန် ရိုက်စ် နဲ့ အားပြိုင်ခဲ့ ပါတယ် ။

အဆိုးကြီး မဟုတ်ခဲ့ ပေမယ့် အကောင်းကြီးလည်း မဟုတ်ခဲ့ ပါဘူး ။

 

ဖရက်ဒ် – ၄

ဒီနေ့ ပွဲ မှာ ဖရက်ဒ် လောက် Rating နည်းတဲ့သူ ၂ သင်းစလုံးမှာ မရှိခဲ့ ပါဘူး ။

နောက်ကနေ လိုက်ပြီး ဖိအားပေးတာတွေ အများကြီး ရှိပေမယ့် ဘောလုံးကို ပြန်ရအောင် မဆယ် နိုင်ခဲ့တာက

ဖရက်ဒ် ရဲ့ အကြီးဆုံး အားနည်းချက်ပါ ။

အဖျက်အရမ်း ညံ့တဲ့ ကွင်းလယ် ခံစစ်သမားတွေကို စာရင်းကောက် ကြစတမ်း ဆိုရင် ဖရက်ဒ် ရဲ့ အမည် က ထိပ်ဆုံးက ပါနေမှာ သေချာပါတယ် ။

 

မေဆင် ဂရင်းဝုဒ် – ၆

ဒီကနေ့ မှာတော့ ကောင်လေး လုပ်ကွက် အများကြီး မရလိုက် ပါဘူး ။

 

ဘရူနို ဖာနန်ဒက်စ် – ၆

ရိုနယ်ဒို ရဲ့ ဂိုးကို ဖန်တီးမှု လုပ်ပေး နိုင်ခဲ့ ပေမယ့် ပွဲချိန် အတော် များများမှာ အားရာစရာ မရှိတဲ့

ကစားပုံကို တွေ့ခဲ့ရ ပါတယ် ။

တကယ်လို့ ဖာနန်ဒက်စ် ဟာ ရိုနယ်ဒို ကို ပေးခဲ့တဲ့ အထဲက ၂ လုံးလောက်ကို ပေါ့ဘာ ၊ ဂရင်းဝုဒ် တို့ ကို ပေးဖြစ်ခဲ့မယ် ဆိုရင်

ပွဲရလဒ် က ဒီထက် ပိုကောင်းသွား နိုင်ချေ ရှိပါတယ် ။

 

ပေါလ် ပေါ့ဘာ – ၆

ကွင်းလယ် ကနေ တကိုယ်တော် ဆွဲထက်တာတွေ ကောင်းခဲ့ ပါတယ် ။ ဒဏ်ရာရပြီး လူစားလဲ ခံခဲ့ရတာ ကတော့ စိတ်မကောင်း စရာပါပဲ ။

 

ခရစ္စတီယာနို ရိုနယ်ဒို – ၆

ယူနိုက်တက် ကို ပြန်လာ အပြီး ပွဲတိုင်း ဂိုးသွင်း နေတဲ့ တိုက်စစ်မှူးကြီး ကတော့ ဒီနေ့ မှာလည်း သူ့ တာဝန်သူ ကျေခဲ့ ပါတယ် ။

ဒုတိယပိုင်း အစ မှာ နောက်တဂိုး ရခဲ့သင့်သလို ပင်နယ်တီ လည်း ၁ ကြိမ်လောက် ရခဲ့သင့်ပါတယ် ။

လူစားဝင် ကစားသမားများ – လင်ဂတ် ၈ ။ ဆန်ချို ၅ ။ မာတစ် ၅ တို့ပဲ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ကြားရက် မှာတော့ ကာရာဘောင် ဖလား ပွဲစဉ် အဖြစ် ဝက်စ်ဟမ်း ယူနိုက်တက် အသင်းနဲ့ပဲ ဆက်လက် ယှဉ်ပြိုင် ကစား ရဦးမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR