ချဲလ်ဆီးတို့ လန်ဒန်ဒါဘီ ၃ပွဲဆက် ဂိုးပြတ် အနိုင်ရခဲ့တဲ့ တော့တင်ဟမ် ၀ – ၃ ချဲလ်ဆီး ပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည်များ ( Ratings )

 

မနေ့ည က ကစားခဲ့တဲ့ Super Sunday ရဲ့ Big match ဖြစ်တဲ့ တော့တင်ဟမ် – ချဲလ်ဆီး လန်ဒန်ဒါဘီပွဲမှာ ဧည့်သည် ချဲလ်ဆီး အသင်း ဟာ ဒုတိယပိုင်း အတွင်း ရရှိခဲ့တဲ့ သွင်းဂိုး ၃ဂိုးနဲ့ အတူ ယခုနှစ် ရာသီ လန်ဒန်ဒါဘီ ၃ပွဲဆက် ဂိုးပြတ် အနိုင်ရလဒ်နဲ့ အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ် ။ ထိုပွဲမှာ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 7 )

ပထမပိုင်း အတွင်း ဆွန်ဟောင်မင်နဲ့ one vs one ရင်ဆိုင်ခဲ့ရတဲ့ အချိန် တုန်တုန်လှုပ်လှုပ် ကာကွယ်ခဲ့ရတာက လွဲရင် ၊ ဒီပွဲမှာ တော့တင်ဟမ်ရဲ့ ဂိုးပေါက် တည့်မတ်မှုတွေက ဒီပွဲမှာ မန်ဒီ အစား ဝင်ကစားတဲ့ ကီပါ ကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ပါဘူး ။

နောက်တန်း – အန်ဒရီယာစ် ခရစ်တန်ဆန် ( Rating – 7 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 9 ) ၊ အန်တိုနီယို ရူဒီဂါ ( Rating – 8 )

ပထမပိုင်း အတွင်း တော့တင်ဟမ်ရဲ့ သူတင်ကိုယ်တင် တုန့်ပြန်မှုကြောင့် ချဲလ်ဆီး ခံစစ် အတော်လေး အလုပ်ရှုပ်ခဲ့ရပေမယ့် ၊ သောမတ်စ် တူချယ် ပွဲထုတ်ခဲ့တဲ့ Back 3 ဟာ အမှားအယွင်း နည်းပါးစွာနဲ့ ပွဲချိန်ပြည့် ခုခံနိုင်ခဲ့ပါတယ် ။

သီယာဂို ဆေးလ်ဗား ပွဲထွက် ပြန်ပါလာပြီး ၊ အက်ဇ်ပီလီကွီတာကို wing-back နေရာမှာ ပြန်သုံးခဲ့တာကြောင့် ၊ ခရစ်တန်ဆန် ဟာ ညာခံစစ်မှူး အဖြစ် ကစားခဲ့ရပေမယ့် ၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်သာ ဆက်လက် ပြသခဲ့ပါတယ် ။ ပထမပိုင်း အတွင်း တန်ပြန် တိုက်စစ်မှာ တော့တင်ဟမ် တောင်ပံကို တချက် မထိန်းနိုင်ခဲ့တာက လွဲရင် ၊ ၄င်းရဲ့ အမှား မရှိသလောက် နည်းပါးခဲ့ပါတယ် ။

အသက် ၃၇နှစ် ပြည့်တော့မယ့် သီယာဂို ဆေးလ်ဗား ကတော့ အသက်အရွယ် ကြီးရင့် နေပေမယ့် ၊ သူ ပိုင်ဆိုင်ထားတဲ့ နှစ်ချို့နေတဲ့ အရည်အသွေးနဲ့ အတွေ့အကြုံ တွေက အဖိုးမဖြတ်နိုင်ဘူး ဆိုတာ ဒီပွဲမှာ ထပ်မံ သက်သေပြသွားခဲ့ပါတယ် ။

ပထမပိုင်း အတွင်း တော့တင်ဟမ် တိုက်စစ် တွဲလုံးတွေကို သမ္ဘာနဲ့ ထိန်းပြသွားခဲ့သလို ၊ အသင်းက အလိုရှိနေတဲ့ အချိန် ၊ ဒုတိယပိုင်း စစချင်းမှာ ယင်း ဘရာဇီး ခံစစ်မှူး ဟာ ထောင့်ကန်ဘောကတဆင့် အဖွင့်ဂိုးကို စတင် သွင်းယူပေးခဲ့သလို ၊ ဒီပွဲရဲ့ Man of the Match ဆုနဲ့လည်း ထိုက်တန်ခဲ့ပါတယ် ။

 

သီယာဂို ဆေးလ်ဗားလိုပဲ နောက်ထပ် ကျစ်လျစ်တဲ့ ကစားပုံမျိုး ပြနိုင်ခဲ့သူကတော့ ဂျာမန် လက်ရွေးစင် ခံစစ်မှူး အန်တိုနီယို ရူဒီဂါပါပဲ ။ အထူးသဖြင့် ဒုတိယ တပိုင်းလုံးမှာ ဟယ်ရီကိန်း ကို အသံတိတ်စေခဲ့သလို ၊ ပွဲအဖြေ ပြတ်သားသွားစေခဲ့တဲ့ အပိတ်ဂိုးကိုလည်း လှလှပပ သွင်းယူခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းဟာ ဒီရာသီ ချဲလ်ဆီး အသင်းရဲ့ မိနစ်တိုင်းကို ကစားခွင့် ရထားတဲ့ တဦးတည်းသော ကစားသမား အဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ် ။

ကွင်းလယ် – ဆီဆာ အက်ဇ်ပီလီကွီတာ ၊ ဂျော်ဂျင်ဟို ၊ မတ်တီယို ကိုဗာဆစ် ၊ မားကို့စ် အလွန်ဆို ( Rating – 7 )

၃ – ၄ – ၃ ကစားကွက် အသုံးပြုခဲ့တဲ့ ပထမပိုင်း အတွင်းမှာ ချဲလ်ဆီး ကွင်းလယ် ဟာ တော့တင်ဟမ်ရဲ့ အပြန်အလှန် ကစားပုံအောက် ရောက်ခဲ့ရပြီး ၊ ဒုတိယပိုင်း အန်ဂိုလို ကန်တေ ဝင်လာမှ သိသိသာသာ ကစားပုံ တိုးတက်လာခဲ့တာ ဖြစ်ပါတယ် ။

ဂျော်ဂျင်ဟို – ကိုဗာဆစ် အတွဲဟာ ထုံးစံအတိုင်း ဘောလုံး အတိုပေးဘောတွေနဲ့ ညက်ညောတဲ့ ကစားဟန်ကို ဆက်လက် ထိန်းထားနိုင်ဆဲ ဖြစ်ပြီး ၊ တိုက်စစ်ကို ပံ့ပိုးပေးတဲ့ နေရာမှာ အထူး အရေးပါခဲ့ပါတယ် ။ ကန်တေ ဝင်လာတဲ့ အချိန်မှာ ၄င်းတို့ ၂ဦးလုံး ပြင်းပြင်းထန်ထန် အားစိုက်စရာ မလိုတော့ပဲ ၊ ပွဲထိန်းဖို့ကို ပိုမို အာရုံစိုက်နိုင်ခဲ့ပါတယ် ။

wing-back ၂ဦးကတော့ သူတို့ အလုပ် သူတို့ ပုံမှန် လုပ်ပြခဲ့ပါတယ် ။ အထူးသဖြင့် ဘယ်ခြမ်း တိုက်စစ်မှာ တော့တင်ဟမ် ခံစစ်ကို တပွဲလုံး အလုပ်ရှုပ်စေခဲ့တဲ့ မားကို့စ် အလွန်ဆိုရဲ့ ကစားအား က အတော်လေး အားရစရာ ကောင်းခဲ့ပါတယ် ။ အဖွင့်ဂိုး အတွက် ထောင့်ကန်ဘော က တဆင့် ဖန်တီးမှု လုပ်ပေးခဲ့သလို ၊ အခြား အသင်းဖော်တွေသာ ဂိုးသွင်း သေချာခဲ့ရင် ၊ ၄င်းအနေနဲ့ ဂိုးဖန်တီးမှု နောက်ထပ် ၂ကြိမ် ရခဲ့မှာ ဖြစ်ပါတယ် ။

တိုက်စစ် – မေဆင်မောင့် ၊ ကိုင်ဟာဗက်ဇ် ( Rating – 6 ) ၊ ရိုမီလူ လူကာကူ ( Rating – 7 )

နောက်ပိုင်းပွဲ အချို့မှာ လူကာကူ အနောက်က ကစားရတဲ့ ကွင်းလယ်တိုက်စစ် ၂နေရာမှာ သာမန်ထက် ထူးခြားတဲ့ စွမ်းဆောင်ရည်မျိုး မမြင်တွေ့ခဲ့ရပါဘူး ။ မနေ့ညက ပွဲမှာလည်း ထိုနည်းတူ ဖြစ်ခဲ့ပြီး ၊ မောင့်နဲ့ ဟာဗက်ဇ် တို့ဟာ တော့တင်ဟမ် ခံစစ်ကို ထင်ထားသလောက် အန္တရာယ် ပြုနိုင်ခဲ့ခြင်း မရှိပါဘူး ။

ဒီအတွက်ကြောင့် မောင့် ဟာ ဒုတိယပိုင်း စစချင်း ကန်တေနဲ့ လူစားလဲခံခဲ့ရသလို ၊ ဟာဗက်ဇ် ဟာလည်း ဒုတိယပိုင်း တဝက်လောက်မှာ တီမို ဗာနာ နဲ့ လူစားလဲခံခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ ၄ပွဲမှာ ၄ဂိုး သွင်းခဲ့တဲ့ လူကာကူ ကတော့ ဒီပွဲမှာ ဂိုးပေါက် ပျောက်ခဲ့တယ် ဆိုပေမယ့် ၊ အသင်းဖော်တွေကို ချိတ်ဆက်ဖို့ ကြားခံ အနေနဲ့ စွမ်းဆောင်ပေးခဲ့တဲ့ အခန်းကဏ္ဍမှာတော့ တာဝန် ကျေခဲ့ပါတယ် ။

ပွဲချိန် အများစုမှာ လူကာကူ ဟာ တော့တင်ဟမ် ခံစစ်မှူး အဲရစ် ဒိုင်ယာရဲ့ အနီးကပ် လူကပ် ကစားခြင်းကို ခံခဲ့ရသည့်တိုင် ၊ ဗာနာနဲ့ ကိုဗာဆစ် အတွက် ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပါသေးတယ် ။

လူစားဝင် ကစားသမားများ – အန်ဂိုလို ကန်တေ ( Rating – 8 ) ၊ တီမို ဗာနာ ( Rating – 7 )

SPORTS MYANMAR