မန်ယူနိုက်တက်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှ ၀က်ဟမ်းအသင်းရဲ့ ပင်နယ်တီ ဆုံးဖြတ်ချက်ကို ဒေါသတကြီး ဝေဖန်လိုက်တဲ့ ဂရေမီဆောင်းနက်

၀က်ဟမ်း အသင်းဟာ မနေ့ညက မက်နိုဘယ်ရဲ့ နောက်ကျ ပင်နယ်တီဂိုး လွဲချော်မှုနဲ့ အတူ မန်ချက်စတာယူနိုက်တက် အသင်းကို လန်ဒန်စတေဒီယမ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အရေးန်ိမ့်ခဲ့ပါတယ်။ လီဗာပူး ဂန္ထ၀င် ဂရေမီဆောင်းနက် ကတော့ အဆိုပါ ပင်နယ်တီကို ကန်သွင်းရန် အတွက် မက်နိုဘယ်ကို လူစား၀င်စေခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် သဘောမကျ ဖြစ်နေပါတယ်။

နာကျင်အချိန်မှာ ၀က်ဟမ်း အသင်းဟာ လူ့ရှောရဲ့ လက်ထိဘောနဲ့ အတူ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ကာ ကွင်းထဲမှာ ရှိနေတဲ့ ဟမ်းမား ကစားသမား တစ်ဦးဦး ပင်နယ်တီ ကန်သွင်းလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြပေမယ့်လည်း မက်နိုဘယ်ဟာ အရန်ခုံကနေ ထလာကာ အဆိုပါ ပင်နယ်တီကို ကန်သွင်းဖို့ တာ၀န်ယူခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ကွင်းလယ်လူဟာ သွေးပူလေ့ကျင့်ခန်းတောင် လုပ်ခဲ့ခြင်း မရှိခဲ့သူ ဖြစ်ပြီး ၎င်းရဲ့ ပင်နယ်တီ ကန်သွင်းချက်ကို ဒီဂီယာက ကာကွယ်ကာ မန်ယူနိုက်တက်ကို အနိုင် ၃ မှတ်နဲ့ အိမ်ပြန်စေခဲ့ပါတယ်။ လီဗာပူး ကစားသမားဟောင်း နဲ့ pundit တစ်ဦး ဖြစ်သူ ဆောင်းနက်က နည်းပြ ဒေးဗစ်မိုရက်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ဖြစ် မက်နိုဘယ်ရဲ့ တောင်းဆိုမှုကြောင့်ပဲ ဖြစ်ဖြစ် ဒါဟာ အတော် ရယ်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ဆောင်းနက်က “ဒါဟာ တကယ့်ကို ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက် ပါပဲ။ ဒါဟာ ပွဲကစားချိန် ၉၄ မိနစ် ဖြစ်ပါတယ်။ မက်နိုဘယ်ဟာ လူစားမ၀င်မီ သွေးပူလေ့ကျင့်ခန်း ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဒါ့ကြောင့် သူဟာ သွေးအေးလျက် ရှိနေပါတယ်။ ဒါဟာ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်လား ဒါမှမဟုတ် မက်နိုဘယ်က ‘Boss ရေ။ ကျွန်တော့်ကို ဒီပင်နယ်တီ ပေးကန်စမ်းပါ။’ ဆိုပြီး တောင်းဆိုတာလား? ဒီနှစ်ခုထဲက တစ်ခုတော့ ဖြစ်မှာပါ။

ဘယ်သူပဲ ဆုံးဖြတ်ချက် ချသည် ဖြစ်စေ ဒါဟာ လုံး၀ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက် ပါပဲ။ ဒီလိုမျိုး လုပ်သွားလို့ မရပါဘူး။ သူဟာ သွေးပူလေ့ကျင့်ခန်း လုပ်ထားတဲ့သူ မဟုတ်ပါဘူး။ လေ့ကျင့်ရေး အစီအစဉ်မှာ သူ ကန်သွင်းတဲ့ ပင်နယ်တီတိုင်း ၀င်နေလို့ပဲ ဖြစ်ဖြစ် ဒီပွဲမတိုင်မီ ကန်သွင်းထားခဲ့တဲ့ ပင်နယ်တီတွေ အားလုံး ၀င်ထားခဲ့လို့ပဲ ဖြစ်ဖြစ် ဒီလို လုပ်လို့ မရပါဘူး။ လုံး၀ သွေးအေးနေကာ မိနစ် ၉၀ လုံး အရန်ခုံမှာ ပွဲကို ထိုင်ကြည့်နေတဲ့ ကစားသမားကို ဒီလိုမျိုး အခြေအနေမှာ ပင်နယ်တီ ကန်ခိုင်းလို့ မရပါဘူး။ ဒါဟာ လုံး၀ မှားယွင်းပါတယ်။” လို့ ဝေဖန် ခဲ့ပါတယ်။

၀က်ဟမ်းဟာ ဒီပွဲစဉ်မှာ ဘန်ရားမားရဲ့ ကန်ချက် ဗာရန်းနဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုး၀င်ခဲ့တာကြောင့် ယူနိုက်တက်ကို ၁-၀ နဲ့ ဦးဆောင် ထားနိုင်ခဲ့ပေမယ့်လည်း သိပ်မကြာမီမှာပဲ ခရစ်စတီယာနိုရော်နယ်ဒိုက ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် မိနစ် ၉၀ ပြည့်ခါနီးမှာ လူစား၀င် ကစားသမား ဂျယ်စီလင်ဂတ်ဟာ လှပတဲ့ သွင်းဂိုးနဲ့ အတူ ယူနိုက်တက်ကို ၂-၁ နဲ့ ဦးဆောင်စေခဲ့ပြီး နာကျင်အချိန်မှာ ၀က်ဟမ်းတို့ ပင်နယ်တီ ရခဲ့ပေမယ့် နိုဘယ်ရဲ့ ကန်ချက်ကို ဒီဂီယာ ကာကွယ်ပေးခဲ့တာကြောင့် သရဲနီတို့ နိုင်ပွဲရရှိခဲ့ပါတယ။်

SM