ကမ္ဘာ့ ပထမဆုံး carbon zero ပွဲမှာ အိမ်ရှင် တော့တင်ဟမ်ကို ချဲလ်ဆီးတို့ ဂိုးပြတ် ချေမှုန်းခဲ့တဲ့ပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ယခု တပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ အကောင်းဆုံးပွဲလို့ ဆိုရမယ့် တော့တင်ဟမ် – ချဲလ်ဆီး လန်ဒန်ဒါဘီပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၊ အများ ခန့်မှန်းကြတဲ့ အတိုင်း ဧည့်သည် ချဲလ်ဆီး အသင်း ဟာ တော့တင်ဟမ် အသင်းကို ဒုတိယပိုင်း အတွင်း ရရှိခဲ့တဲ့ သွင်းဂိုး ၃ဂိုးနဲ့ အတူ ဂိုးပြတ် အနိုင်ရခဲ့ကာ ၊ ဇယားထိပ်သို့ ပြန်လည် တက်လှမ်းလာခဲ့ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ ဥရောပ ထိပ်တန်း တိုက်စစ်မှူး ၂ဦးရဲ့ အားပြိုင်မှု

မနေ့ညက လန်ဒန်ဒါဘီပွဲမှာ ပရိသတ်တွေ အများအပြား စောင့်ကြည့်ခဲ့ကြတဲ့ အထဲမှာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၂ဦး အဖြစ် သက်မှတ်ခံထားရတဲ့ ဟယ်ရီကိန်းနဲ့ ရိုမီလူ လူကာကူ တို့ရဲ့ ပြိုင်ဆိုင်မှုလည်း ပါဝင်ခဲ့မယ် ဆိုတာ မုချဧကန် ဖြစ်ပါတယ် ။

သို့ပေမယ့် ၄င်းတို့ ၂ဦး ဟာ ဒီပွဲမှာ ပရိသတ်တွေ မျှော်လင့်ထားသလိုမျိုး အထိတော့ ၊ သွင်းဂိုး ကိုယ်စီနဲ့ ဖျော်ဖြေပေးနိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒီ အနေအထားမှာ လူကာကူ ဟာ ကိန်းထက်သာတဲ့ အခြား ရှုထောင့်အရ စွမ်းဆောင်ရည်တွေ ဖြစ်တဲ့ အသင်းဖော်တွေနဲ့ အတွဲညီညီ ချိတ်ဆက် ကစားမှု ၊ အခွင့်အရေး ဖန်တီးပေးနိုင်မှု စသဖြင့် ထုတ်ပြနိုင်ခဲ့ပါတယ် ။

ကိန်း ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း အကောင်အထည် မပေါ်လိုက်တဲ့ မန်စီးတီးနဲ့ အပြောင်းအရွှေ့ ကိစ္စ အကြောင်းကို အခုထိ ခေါင်းထဲကနေ မထုတ်နိုင်သေးတဲ့ပုံ ပေါ်ခဲ့ပြီး ၊ မနေ့ညက ပွဲမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးရဲ့ ခြေစွမ်း အဆင့်အတန်းနဲ့ လုံးဝ နီးစပ်ခဲ့ခြင်း မရှိပါဘူး ။

၂ ။ ပင်နယ်တီ ဧရိယာ နောက်ဆုံး ၃ပုံ ၁ပုံ က အဆုံးသတ်မှု အားနည်းခြင်း

၂သင်းလုံး ဟာ ဒီပွဲမှာ သူ့ထက်ငါ အပြိုင် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ၊ တပွဲလုံးမှာ ၂သင်းပေါင်း သွင်းဂိုး ၃ဂိုးသာ မြင်တွေ့ခဲ့ရပါတယ် ။ အထူးသဖြင့် ပထမပိုင်း အတွင်း တဖက်နဲ့ တဖက် အပြန်အလှန် ကစားမှုတွေ ရှိခဲ့ပေမယ့် ၊ တကယ်တမ်း ဂိုးသွင်းခွင့် ရလာတဲ့အခါ ၊ ပေးပို့မှု အားနည်းသွားတာ ၊ အဆုံးသတ် အတွက် အာရုံစိုက်မှု နည်းသွားတာ စတဲ့ အခက်အခဲတွေနဲ့သာ ကြုံခဲ့ရပါတယ် ။

ဒုတိယပိုင်းမှာ ချဲလ်ဆီး ဟာ အခွင့်အရေးတွေ ပိုမို ဖန်တီးနိုင်ခဲ့သလို ၊ အဖွင့်ဂိုးကိုလည်း စောစောစီးစီး ရသွားခဲ့တာကြောင့် ၊ လက်ကျန် ပွဲချိန်တွေကို တဖက်သတ် နိုင်ထက်စီးနင်း ပုံစံနဲ့ ထိန်းချုပ် ကစားခဲ့သလို ၊ ဂိုးသွင်းခွင့်တွေလည်း ၁၀ကြိမ်မက ဖန်တီးနိုင်ခဲ့ပါတယ် ။ ဗာနာ ၊ လူကာကူ ၊ ကိုဗာဆစ် တို့သာ အဆုံးသတ် သေချာခဲ့ရင် ၊ တော့တင်ဟမ်တို့ ဒီထက်မက ဂိုးပြတ် ရှုံးနိမ့်ခဲ့မှာ မုချမလွဲ ဖြစ်ပါတယ် ။

၃ ။ ပွဲအဖြေကို တိုက်ရိုက် အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ကန်တေရဲ့ လူစားဝင်မှု

ပထမပိုင်း အတွင်း တသင်းနဲ့ တသင်း ဘယ်သူမှ သိသိသာသာ အသာစီး မရခဲ့တဲ့ အနေအထား အပြီး ၊ ဒုတိယပိုင်းမှာ တော့တင်ဟမ် ကို ချဲလ်ဆီးတို့ လုပ်ချင်တိုင်း လုပ်သွားလိမ့်မယ်လို့ ဘယ်သူမှ ထင်ခဲ့မိမှာ မဟုတ်ပါဘူး ။ ဒီလို ဖြစ်သွားခဲ့ရခြင်းရဲ့ အနီးစပ်ဆုံး အဖြေက သောမတ်စ် တူချယ်ရဲ့ အထိရောက်ဆုံး လူစားလဲမှု တရပ် အဖြစ် ဒုတိယပိုင်း စစချင်း မေဆင်မောင့် အစား အန်ဂိုလို ကန်တေကို အစားထိုး အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ် ။

ချဲလ်ဆီး ဟာ ပထမပိုင်း အတွင်း အသာစီး မရခဲ့တဲ့ ကွင်းလယ်အားကို လူ ၂ယောက်စာ အလုပ်လုပ်ပေးနိုင်တဲ့ ကန်တေကို လူစားလဲ အသုံးပြုလိုက်တဲ့ အချိန်မှာ ၊ ပွဲကို အော်တိုမစ်တစ် ထိန်းချုပ်ပြီးသား ဖြစ်သွားခဲ့ပါတယ် ။ ဒုတိယ ဦးဆောင်ဂိုး ကို သွင်းယူပေးခဲ့သလို ၊ ကန်တေ ဟာ ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့ လွတ်လွတ်လပ်လပ် ဘောလုံးကိုင်လို့ ရအောင်လည်း ၊ မမောမပန်း လုပ်အားနှုန်း အပြည့်နဲ့ ကစားပေးသွားခဲ့ပါတယ် ။

၄ ။ အံ့သြဖွယ် ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ ကီပါ

ပြီးခဲ့တဲ့ ရာသီ ၊ အက်ဒိုဝါ့ဒ် မန်ဒီ ချဲလ်ဆီးသို့ ပြောင်းရွှေ့လာပြီးကတည်းက ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ်သာ ရှိခဲ့တဲ့ ကီပါ ဟာ ဒီရာသီမှာလည်း အခြေအနေ မပြောင်းလဲနေပေမယ့် ၊ အသင်း က လိုအပ်တဲ့ အချိန်မှာ တာဝန် ထမ်းဆောင်ပေးဖို့ အသင့်ဖြစ်နေကြောင်း ကို မနေ့ညက ပွဲက စွမ်းဆောင်ရည်နဲ့ သက်သေပြခဲ့ပါတယ် ။

အထူးသဖြင့် ဇင်းနစ်နဲ့ ပွဲမှာ ဒီဇူးဘားနဲ့ ထိခိုက်မိခဲ့လို့ လက်ဒဏ်ရာ ရထားတဲ့ မန်ဒီ မပါဝင်နိုင်ချိန် ၊ ကီပါ ဟာ ချန်ပီယံလောင်း အသင်း တသင်း အားထားရမယ့် ဂိုးသမား တဦးရဲ့ တည်ငြိမ်မှုမျိုး ပြန်ပြသွားခဲ့သလို ၊ Clean Sheet ပါ စွမ်းဆောင်သွားနိုင်ခဲ့ပါတယ် ။

၅ ။ ဒဏ်ရာက ပြန်လာပေးခဲ့ပေမယ့် ၊ ရလဒ် ဆိုးရွားမှုနဲ့သာ ကြုံခဲ့ရတဲ့ ဆွန်ဟောင်မင်

မနေ့ည က ပွဲမတိုင်မီ တော့တင်ဟမ် အသင်း အတွက် ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာ အများအပြား ရှိထားတယ်လို့သာ သိခဲ့ရပေမယ့် ၊ တကယ်တမ်း ပွဲထွက်စာရင်း ကြည့်လိုက်ရတဲ့ အခါမှာတော့ ၊ အားထားရတဲ့ တောင်ကိုးရီးယား လက်ရွေးစင် တောင်ပံ ကစားသမား ဆွန်ဟောင်မင် ပြန်ပါလာခြင်း က တော့တင်ဟမ် ပရိသတ်တွေကို အထူး အားတက်စေခဲ့မှာ သေချာပါတယ် ။

ဒီပွဲမှာ ဆွန် ဟာ ပထမပိုင်း အတွင်း ချဲလ်ဆီး အသင်းရဲ့ တောင်ပံ တိုက်စစ်တွေမှာ ဒုက္ခပေးနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ပေးဂိုးတွေ ဆက်တိုက် ခွင့်ပြုခဲ့ရလို့ ၊ စိတ်ပျက်မှုတွေနဲ့ အတူ ဆွန်နဲ့ ကိန်း တို့ရဲ့ စွမ်းဆောင်ရည်ကလည်း ချက်ချင်း ဆိုသလို ပျောက်ဆုံးခဲ့ရပါတယ် ။

SPORTS MYANMAR