ရီးရဲ မက်ဒရစ် အသင်းရဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီ ဟာ ယမန်နေ့ ညက လာလီဂါ ပွဲစဉ် ကို ကစား သွားခဲ့တဲ့ ရီးရဲ မက်ဒရစ် အသင်းသားတွေ ရဲ့ တိုက်ပွဲဝင် စိတ်ဓါတ် အပေါ် ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။
ရီးရဲ ဟာ ဗလင်စိယာ ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ခဲ့ပြီး အနိုင် ရရှိကာ လာလီဂါ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာကို ဆက်လက် ရယူ ထားနိုင်ခဲ့ ပါတယ် ။
ပထမပိုင်း ဂိုးမရှိ သရေကျ ခဲ့တဲ့ ဒီပွဲမှာ အိမ်ရှင် ဗလင်စီယာ က ဒုတိယပိုင်း ၆၆ မိနစ် မှာ အဖွင့်ဂိုး စတင် သွင်းယူ နိုင်ခဲ့ ပါတယ် ။
၁-၀ နဲ့ ပွဲပြီး သွားမယ့် အလားအလာ ကို နီးကပ် လာပေမယ့် ၈၆ မိနစ် နဲ့ ၈၈ မိနစ်တွေ မှာ ဗီနီဆီယပ် ဂျူနီယာ နဲ့ ကာရင် ဘန်ဇီးမား တို့က ရီးရဲ အတွက် ၂ ဂိုး ဆက်တိုက် သွင်းယူပြီး အရှုံး ကနေ အနိုင် ရလဒ်ကို ပြောင်းလဲကာ ပွဲကို အဆုံးသတ် စေခဲ့ ပါတယ် ။
ဒီပွဲမှာ အသင်းရဲ့ ကစားပုံက အားရ လောက်စရာ မရှိခဲ့ ပေမယ့် နည်းပြကြီး အန်ဆယ်လော့တီ ကတော့ အသင်းသားတွေ ရဲ့ အရှုံး မပေးလိုတဲ့ တိုက်ပွဲဝင် စိတ်ဓါတ် ကို အထူးအလေးပေး ပြောဆို ချီးကျူး သွားခဲ့ ပါတယ် ။
“ဘယ်အရာ ကို မဆို ရင်ဆိုင် တိုက်ပွဲဝင်ရဲ တဲ့ အဖွဲ့ တဖွဲ့ ကျွန်တော့မှာ ရှိနေ ပါတယ် ။
သူတို့ ကစားတာ ကောင်းနေသည် ဖြစ်စေ ကစားပုံ မကောင်းရင်ဘဲ ဖြစ်စေ အနိုင် ရဖို့ အတွက် ကိုတော့ သူတို့ စိတ်အား ထက်သန် ကြပါတယ် ။
ဒါ ဒီနေ့ ပွဲမှာ ကျွန်တော် မြင်ခဲ့ရတဲ့ အရာပါပဲ ။
ပထမပိုင်းမှာ ကစားပုံ မကောင်းခဲ့ ပါဘူး ။ နောက်ကနေ လိုက် ကစားခဲ့ရ ပါတယ် ။
ဒါပေမယ့် အဆုံးသတ် မှာတော့ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်ကို ယူနိုင်ခဲ့ ပါတယ် ။
ဒုတိယပိုင်းမှာ ကစားတာ ပိုမြန်လာပြီး ပိုကောင်း လာခဲ့ ပါတယ်”
“ဗီနီဆီယပ် နဲ့ ဘန်ဇီးမာ က ရီးရဲမက်ဒရစ် ရဲ့ တိုက်စစ်မှူးတွေပါ ။
သူတို့ကို ရထားတာ ကျွန်တော်တု့ိ ကံကောင်းပါတယ် ။
ဒါပေမယ့် ဒီညမှာ အားလုံးရဲ့ အားထုတ်မှုကို ကျွန်တော် ကျေနပ် အားရ ပါတယ် ။
ဟာဇက် ကစားတာကောင်းတယ် ၊ ကာမာဗင်ဂါ လည်း ကောင်းခဲ့ ပါတယ်” လို့ အန်ဆယ်လော့တီ က ပွဲအပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။
ဒီပွဲ ဟာ အီတလီ သားကြီး ရီးရဲမက်ဒရစ် ကို တကျော့ပြန်လည် ကိုင်တွယ် အပြီးမှာ စတုတ္ထမြောက် အမှတ်ပေး နိုင်ပွဲ ဖြစ်လာခဲ့ ပါတယ် ။
ရီးရဲ ဟာ လက်ရှိ အချိန် မှာ အမှတ်ပေး ဇယား ကို ၁၃ မှတ် နဲ့ ဦးဆောင် နေပြီး ရှုံးပွဲ လုံး၀ မရှိထားပါဘူး ။
ချန်ပီယံလိဂ် မှာလည်း အုပ်စု အဖွင့်ပွဲမှာ အင်တာမီလန် ကို အနိုင် ကစားပြီး အဖွင့်လှ ထားခဲ့ ပါတယ် ။
လာမယ့် ကြားရက် မှာတော့ ရီးရဲ ဟာ မာယော့ကာ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ပိတ်ရက် မှာတော့ မာကျောတဲ့ ဗီလာရီးရဲ အသင်း ကို အဝေးကွင်း ပွဲစဉ် အဖြစ် သွားရောက် ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။
SPORTS MYANMAR