အာဆင်း ရဲ့ ဂန္ထဝင်မြောက် စကားတခွန်း အစပြုခဲ့တဲ့ သမိုင်းထဲက ဒီနေ့

လွန်ခဲ့တဲ့ ၁၉ နှစ် ၊ ၂၀၀၂ ခုနှစ်ဒီနေ့လို နေ့မျိုးမှာ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါးဟာ နောင်တစ်ချိန်မှာ သမိုင်းတွင်စေမယ့် စကားကို ပြောကြား ခဲ့ပါတယ် ။ အာဆင်း က သူ့ရဲ့ အာဆင်နယ် အသင်းဟာ တစ်ရာသီလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်း က သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ” တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားနိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး ၊ ဒီလို စကား မပြောရဲစရာ အကြောင်း မရှိဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ် ။ ”

” နည်းပြတိုင်းကတော့ ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ဖို့အကြောင်း တွေးမိတတ်ကြတာပါပဲ ၊ ဒါပေမယ့် သူတို့ မပြောရဲကြပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ အဲ့လို ပြောဖို့ ကြောက်နေခဲ့ကြတဲ့ အပြင် လူအများစုကလည်း ရယ်စရာတစ်ခုလို့ သတ်မှတ်ထားကြလို့ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အာဆင်းဟာ အဲ့ဒီစကားကို စက်တင်ဘာလ ၂၀ ရက်နေ့ ၂၀၀၂ ခုနှစ်မှာ ပြောခဲ့တာ ဖြစ်ပေမယ့် စက်တင်ဘာလ ၂၁ ရက်နေ့မှ သတင်းစာတွေမှာ သတင်းပါလာခဲ့တာပါ ။ အဲ့ဒီ အချိန်တုန်းက အင်္ဂလန် က မီဒီယာတွေ နဲ့ ပရိသတ်တွေဟာ အာဆင်း ကို အကြီးအကျယ် လှောင်ပြောင် ရယ်မောခဲ့ကြပါတယ် ။ နောက်တနှစ် အကြာမှာတော့ အံ့မခန်း အရာတခုကို သူတို့ အားလုံး မြင်ခဲ့ရပါတော့တယ် ။

၂၀၀၃-၀၄ ဘောလုံးရာသီမှာ အာဆင်း က သူဟာ သာမန် နည်းပြ တစ်ဦး မဟုတ်ကြောင်း ၊ သူတည်ဆောက်ထားတဲ့ အာဆင်နယ် အသင်းဟာလည်း ပြိုင်ဘက်တွေ အနိုင်ယူလို့ မရတဲ့ အသင်း ဖြစ်ကြောင်း ရှုံးပွဲ မရှိ စံချိန် နဲ့ ချန်ပီယံဆု ရယူပြီးသက်သေ ပြခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ လိဂ်ပြိုင်ပွဲ ၃၈ ပွဲကစားရာမှာ ၂၆ ပွဲနိုင် ၊ ၁၂ ပွဲသရေ နဲ့ ရှုံးပွဲ လုံးဝ မရှိခဲ့တာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ရာသီကုန်ဖို့ လေးပွဲအလိုမှာကတည်းက ချန်ပီယံဆု ကို သိမ်းပိုက် နိုင်ခဲ့တာပါ ။

အာဆင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားတဲ့ အချိန်မှာ သူ့ကို လှောင်ပြောင်ထုတ်ထားတဲ့ ” Comical Wenger(ဟာသတွေပြောတဲ့ ဝင်းဂါး) ” ဆိုတဲ့ အင်္ကျီ ကို ကိုင်ပြီး အောင်ပွဲ ခံပြ ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၃ ခုနှစ် မေလ ကနေ ၂၀၀၄ ခုနှစ် အောက်တိုဘာလ အထိ ပရီးမီးယားလိဂ်မှာ ၄၉ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့ပြီး ဂန်းနားတို့ တင်ရှိထားတဲ့ စံချိန်မှတ်တမ်းကို အခု အချိန်အထိ ဘယ်အသင်းမှ ကျော်ဖြတ် နိုင်ခြင်း မရှိသေးပါဘူး ။

၂၀၀၃-၂၀၀၄ ခုနှစ် အာဆင်နယ် အသင်း လူစာရင်း
********************************************

ဂိုး – လေမန်း၊စတူးဝပ်တေလာ၊ရာမီရှာဘန်း။
နောက်တန်း- အက်ရှ်လေကိုးလ်၊မာတင်ကီယွန်၊ဆိုင်ဂန်၊ဆိုးကမ်းဘဲလ်၊ကိုလိုတိုရေး၊လော်ရန်၊ကလစ်ချီ။
အလယ်တန်း-ဗီအဲရာ၊ပီရက်စ်၊ယွန်းဘတ်၊ရေးပါလာ၊အီဒူး၊ဂီလ်ဘာတိုဆေးလ်ဗား။
ရှေ့တန်း- အွန်နရီ၊ကနူး၊ဝီးတော့၊ဘားကမ့်၊ရေးယက်စ်၊အလီယာဒီယေး။

SM