ဒီရာသီမှာ အသင်းသစ်တွေနဲ့ မတောက်ပနိုင်သေးတဲ့ ထိပ်တန်းကစားသမား ၅ ယောက်

ဥရောပ ဘောလုံး လောက ရဲ့ အမှတ်ပေး ပြိုင်ပွဲတွေ စတင် ခဲ့တာ ရက်သတ္တပတ် အတော်ကြာခဲ့ ပါပြီ ။

နွေရာသီ အပြောင်း အရွှေ့ တုန်းက အသင်းသစ်တွေ ကို ပြောင်းရွှေ့ပြီး စိန်ခေါ်မှုသစ်တွေ ရှာဖွေ ခဲ့တဲ့

ကစားသမားတွေ အများကြီး ရှိခဲ့ ပါတယ် ။

အဲ့ဒိ အထဲမှာ အသင်းသစ် နဲ့ အဆင်ပြေပြီး ခြေစွမ်းပြ ကစားနေတဲ့ သူတွေလည်း ရှိခဲ့ကြပါတယ် ။

ရိုမီရို လူကာကူ ၊ ဂျက် ဂရီလစ်ရှ် ၊ ရာဖေး ဗာရန်း တို့လို နာမည်ကျော် ကစားသမားတွေ ဟာ အသင်းသစ်တွေမှာ

နေရာရ နေကြပြီ ဖြစ်သလို ခရစ္စတီယာနို ရိုနယ်ဒို ဆိုရင်လည်း မန်ချက်စတာ ယူနိုက်တက် တကျော့ပြန် ခရီးမှာ

ပွဲတိုင်း ဂိုးတွေ သွင်းပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ပြည့်၀ စေခဲ့ ပါတယ် ။

ဒါပေမယ့် အချို့သော ထိပ်တန်း ကစားသမားတွေ ကတော့ အသင်းသစ်တွေ မှာ ရုန်းကန် နေရဆဲပါပဲ ။

အဲ့ဒိ လူတွေ ကတော့ –

 

၅ ။ ဘန်ဝှိုက် ( အာဆင်နယ် )

ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် က ပရီးမီးယားလိဂ် ရဲ့ ငွေအသုံးဆုံး အသင်း ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် သူတို့ရဲ့ ခေါ်ယူမှုတွေ ကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ ပါတယ် ။

အဲ့ဒိ အထဲမှာ ဈေးအကြီးဆုံး နဲ့ လူစိတ်ဝင်စား ခံရမှု အများဆုံး ကတော့ ဘန်ဝှိုက် ပါပဲ ။

အာဆင်နယ် ဟာ ၂၃ နှစ် အရွယ် အင်္ဂလန် နောက်ခံလူ အတွက် ယူရို သန်း ၆၀ နီးပါး သုံးခဲ့ပါတယ် ။

ဒါပေမယ့် ခုချိန်ထိတော့ အာဆင်နယ် ဟာ ဘန်ဝှိုက် ဆီကနေ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်မှုကို မရရှိ သေးပါဘူး ။

မန်စီးတီး ၊ ချဲလ်ဆီးတို့နဲ့ ပွဲတွေကို အဖျားကြောင့် လွဲခဲ့ရတဲ့ ဘန်ဝှိုက် ဟာ ကျန်တဲ့ ပွဲတွေ မှာလည်း

သက်သာလာကာစ အခြေအနေကြောင့် အကောင်းဆုံး မကစားနိုင်ခဲ့ ပါဘူး ။

တန်းတက် ဘရန်ဖိုဒ့် အသင်းကို ၂ – ၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာတော့ ဘန်ဝှိုက် ဟာ ပုံမှန်ထက် ပိုကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့ ပါတယ် ။

ဘန်လေ နဲ့ ပွဲမှာလည်း သူ့ရဲ့ လျော့တိလျော့ရဲ နောက်ပြန်ပေးမှု ဟာ အာဆင်နယ် ကို ပေးဆပ်ရလုနီး ဖြစ်ခဲ့ ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကို မေးကြည့်မယ် ဆိုရင်တော့ ဘန်ဝှိုက် အပေါ် ကျေနပ်မှု ရှိဦးမှာ မဟုတ်တာ သေချာပါတယ် ။

 

၄ ။ ဝိုင်နယ်ဒမ် ( PSG )

လီဗာပူး ကနေ အလွတ်နဲ့ ထွက်လာတဲ့ ဝိုင်နယ်ဒမ် ကို PSG က ဘာစီလိုနာ လက်ထဲ ကနေ ဖြတ်လုခဲ့ ပါတယ် ။

ဝိုင်နယ်ဒမ် ကိုယ်တိုင် ကလည်း ယိုင်နဲ့ နေတဲ့ ဘာစီလိုနာထက် နေမာ ၊ ဘာပေ ၊ ဒီမာရီယာ တို့ ရှိနေတဲ့ PSG ၊ လုပ်ခ လစာ ပိုရမယ့် PSG ကို စိတ်ယိုင် ခဲ့ပါတယ် ။

ဒါပေမယ့် ပြင်သစ် မြေမှာတော့ ဝိုင်နယ်ဒမ် တယောက် ပျော်ရွှင်စရာ ကောင်းတဲ့ ဇာတ်လမ်းကို ခုထိ မရေးနိုင်သေးပါဘူး ။

PSG နဲ့ ၆ ပွဲအထိ ကစား ထားပြီး ဖြစ်ပေမယ့် နယ်သာလန် သား ရဲ့ ခြေစွမ်းဟာ ကျေနပ် အားရလောက် စရာ မရှိသေးပါဘူး ။

အတွင်း သတင်းတွေ အရ နယ်သာလန်သားဟာ ပြင်သစ် ကို ရွေးချယ် ခဲ့တဲ့ အပေါ် နောင်တရနေမိကြောင်း မိတ်ဆွေ အချို့ ကို ဖွင့်ပြော ခဲ့တယ်လို့ သိရ ပါတယ် ။

လီဗာပူး မှာတုန်းကလို အန်ဖီးလ် ပရိသတ်တွေ ရဲ့ ချစ်ခြင်းမေတ္တာမျိုးကို ပြင်သစ်မြေပေါ်မှာ ဝိုင်နယ်ဒမ် တယောက် ခက်ခက် ခဲခဲ ရှာဖွေ နေရတုန်းပါပဲ ။

 

၃ ။ အန်တွိုင် ဂရစ်ဇ်မန်း ( အက်သလက်တီကို မက်ဒရစ် )

 

လူကာကူ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ အသင်းဟောင်းတွေ ဆီ ပြန်ပြီး ပုံစံကောင်းတွေ ပြနေပေမယ့် အန်တွိုင် ဂရစ်ဇ်မန်း ရဲ့ မက်ဒရစ် တကျော့ပြန် ခရီးဟာ ထင်သလောက် မချောမွေ့ ခဲ့ပါဘူး ။

နည်းပြ ဒီယေဂို ဆီးမြွန်းနီ နဲ့ အသင်းဖော်တွေက နွေးနွေး ထွေးထွေး ကြိုဆို ခဲ့ပေမယ့် ပရိသတ်တွေကတော့ ဂရစ်ဇ်မန်း ကို ခုချိန်ထိ ပြန်နွေးထွေး ပေးဖို့ ခက်ခဲ နေတုန်းပါပဲ ။

ဒါတွေဟာ ဂရစ်ဇ်မန်း ရဲ့ ကွင်းတွင်း ခြေစွမ်းတွေကို ထိခိုက် စေသလား ဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်ပဲ အသိဆုံး ဖြစ်မှာပါ ။

အမှန်တကယ်တော့ ဂရစ်ဇ်မန်း ဟာ ဘာစီလိုနာ မှာ ရုန်းကန် ခဲ့ရပေမယ့်

အက်သလက်တီကို မက်ဒရစ် လက်ရှိ ကစားနေတဲ့ ပုံစံ နဲ့ တော့ အကျွမ်းတဝင် ရှိနေဆဲ ပါပဲ ။

သူကိုယ်တိုင်လည်း ဆီးမြွန်းနီ လက်အောက်မှာ ၅ ရာသီ ကစားခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့ တာပါ ။

ဒါကြောင့် အခုလို တကျော့ပြန် ခရီးမှာ ပုံစံကောင်း မပြနိုင်သေးတာဟာ နည်းပြ ၊ ကစားကွက် ၊ အသင်းဖော်တွေထက်

ဂရစ်ဇ်မန်း ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ နဲ့ ပိုပြီး သက်ဆိုင် နိုင်တယ်လို့ သုံးသပ် လာကြပါတယ် ။

အေတီကို မက်ဒရစ် ရဲ့ အိမ်ရှေ့စံ လို့ နာမည်ကြီး ခဲ့တဲ့ အချိန်တွေကို ဂရစ်ဇ်မန်း ပြန်လည် ပိုင်ဆိုင် နိုင်မလား ဆိုတာကတော့ . . .

၂ ။ ဂျေဒန် ဆန်ချို ( မန်ချက်စတာ ယူနိုက်တက် )

 

ညာတောင်ပံ အတွက် နှစ်ရှည်လများ ပစ်မှတ် ထားခဲ့ရပြီး ဈေးကြီးပေးကာ ခေါ်ခဲ့ရတဲ့ ဂျေဒန် ဆန်ချို ဟာ

ခုချိန်အထိ ယူနိုက်တက် ပရိသတ်တွေ ရဲ့ စူပါစတား တယောက် မဖြစ်လာသေးပါဘူး ။

ညာတောင်ပံ အတွက် အဓိက ခေါ်ယူခဲ့ပေမယ့်လည်း အင်္ဂလန် အသင်းဖော် ရက်ဖိုဒ့် ရဲ့ ဒဏ်ရာ ရရှိမှုဟာ

ဆန်ချို ကို ညာခြမ်းထက် ၊ ဘယ်ခြမ်းမှာ ပိုပြီး ကစားရစေခဲ့ ပါတယ် ။

အရမ်းဆိုးရွားတဲ့ ခြေစွမ်းမျိုး မဟုတ်ပေမယ့် ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်ထားတဲ့ ပုံစံမျိုး

မဟုတ်သေးတာလည်း အသေအချာပါပဲ ။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ လူငယ်လေး တယောက် အပေါ် အများကြီး မျှော်လင့် ထားမိတာလား ၊

ဒါမှ မဟုတ် ဘွန်ဒစ်လီဂါ က တောက်ပမှု နဲ့ ပရီးမီးယားလိဂ် မှာ အဆင်ပြေ အောင်မြင်မှုတို့ တိုက်ရိုက် အချိုး မကျတာလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ် ။

 

၁ ။ လီယွန်နယ် မက်ဆီ ( PSG )

နေမာ ၊ ဘာပေ ၊ ဒီမာရီယာ တို့ ရှိနေတဲ့ အစုအဖွဲ့ ထဲကို လီယွန်နယ် မက်ဆီ ပေါင်းထည့်လိုက်တာက ဘောလုံး ကမ္ဘာကြီးကို တုန်လှုပ် စေခဲ့ ပါတယ် ။

တချိန်က မက်ဆီ – နေမာ – ဆွာရက် တိုက်စစ် အတွဲလိုမျိုး ကြောက်မက်ဖွယ် ကောင်းတဲ့ တိုက်စစ် အစုအဖွဲ့ မျိုးကို ပြန်မြင် ရဖို့လည်း ပရိသတ်တွေ မျှော်လင့် ခဲ့ကြပါတယ် ။

ဒါပေမယ့် ခုချိန်ထိတော့ မက်ဆီ ဟာ အသင်းဖော်သစ်တွေ နဲ့ အသား မကျသေးပါဘူး ။

ဘာစီလိုနာ ကနေ မထွက်ချင်ဘဲ ထွက်ခွာ ခဲ့ရမှုရဲ့ ရိုက်ခတ်မှု ဒဏ်ကို မက်ဆီ ခံစား နေရတုန်းပဲလား ဆိုတာ ပြင်သစ် လိဂ် မှာ ကစားနေတဲ့ ပုံစံတွေက ပြောပြ နေသလိုပါပဲ ။

ဒါပေမယ့် မက်ဆီ လို အခြားသူတွေထက် သာလွန်လွန်းတဲ့ ကစားသမား တယောက် အတွက်တော့ ဒီအခြေအနေတွေ ကို ကျော်ဖြတ် သွားနိုင်မှာပါ ။

ဒီစာရင်းမှာ ဖော်ပြ ခဲ့တဲ့ အခြား ကစားသမားတွေ ဒီရာသီမှာ အသင်းသစ် နဲ့ အထိုင်မကျ ဖြစ်ခဲ့မယ် ဆိုရင်တောင်

မက်ဆီ ကတော့ သိပ်မကြာခင် မှာဘဲ နေမာ ၊ ဘာပေ ၊ ဒီမာရီယာ တို့ အပါအဝင် PSG စတားတွေ နဲ့ အသားကျ ပေါင်းစပ် သွားနိုင်မှာ ကတော့ သေချာသလောက် ပါပဲ ။

 

SPORTS MYANMAR