ကြားရက်မှာ ကစားမယ့် ပွဲကောင်း ၄ ပွဲ

ပြီးခဲ့တဲ့ အပတ် ကြားရက်တွေ တုန်းက ဥရောပ ပွဲတွေ ကစားခဲ့ကြသလို ဒီတပတ် ကြားရက် တွေမှာလည်း

ပွဲတွေ ရှိနေပါတယ် ။

အင်္ဂလန် မှာ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ်တွေ ကစားကြမှာ ဖြစ်ပြီး

စပိန် ၊ အီတလီ နဲ့ ပြင်သစ် လိဂ် တို့မှာလည်း အမှတ်ပေး ပွဲစဉ်တွေ ရှိကြပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ က ကစားသမားတွေ ကတော့ ပွဲကြည့် ပရိသတ် လုပ်ရမှာပါ ။ သူတို့ ပွဲတွေ မရှိပါဘူး ။

 

ကာရာဘောင် ဖလား ဟာ လူငယ်ကစားသမားတွေ အတွက် ရွှေရောင် အခွင့်အရေးလို့ ဆိုကြပါတယ် ။

ဒီအဆင့် တွေမှာ အသင်းကြီးတွေ ဟာ လူငယ်လေးတွေ ၊ အကယ်ဒမီ ကစားသမားလေးတွေကို

နေရာပေးလေ့ ရှိကြပြီး လူငယ်တွေ အတွက် အသင်းကြီး နည်းပြတွေရဲ့ စိတ်ဝင်စားမှုကို ရယူဖို့

အကောင်းဆုံး အချိန်လို့ ဆိုရမှာပါ ။

ဒါပြီးရင် ပိတ်ရက် မှာ အမှတ်ပေး ပွဲတွေ ပြန်ရောက် လာမှာ ဖြစ်လို့ အသင်းအတော် များများဟာ လူစံ မထုတ်ဘဲ

လူငယ်လေးတွေကို ထည့်သွင်း ကစားတတ်တာ ဟာလည်း ကာရာဘောင် ဖလားပွဲတွေရဲ့ ကောင်းကျိုးတခုလို ဖြစ်လာခဲ့ပါတယ် ။

 

အခု ပွဲစဉ်မှာလည်း ဝိုင်ကွမ်ဘီ ၊ နောဝှစ်ချ် စီးတီး တို့နဲ့ ရင်ဆိုင် ဆုံတွေ့တဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ လူငယ်လေးတွေ ကို

ပွဲထုတ်ဖို့ စီစဉ် နေကြပါတယ် ။ ဒါပေမယ့် အသင်းတိုင်း ဒီလို မလုပ် နိုင်ကြပါဘူး ။

အထူးသဖြင့် ပရီးမီးယားလိဂ် အသင်းကောင်းချင်း ရင်ဆိုင် တွေ့ကြတဲ့ ပွဲစဉ်တွေ မှာတော့ ၂ သင်းစလုံးဟာ လူငယ်တွေ ကို စိတ်ကြိုက် နေရာ မပေး နိုင်တော့ဘဲ အမာခံ ကစားသမားတွေ ကို အသုံးပြုလာ ခဲ့ကြရ ပါတယ် ။

ဒီလိုနဲ့ ကာရာဘောင် ဖလားရဲ့ တတိယ အဆင့်လို နေရာမျိုးမှာလည်း အကျိတ်အနယ် ပွဲကောင်းတွေ

ထွက်ပေါ် လာခဲ့ကြပါတယ် ။

ဒါကြောင့် ဒီကြားရက် မှာ ကစားမယ့် ပွဲစဉ်တွေ ထဲက ပရိသတ်တွေ စိတ်ဝင်စားလောက်မယ့်

အကျိတ်အနယ် ရှိနိုင်မယ့် ပွဲကောင်း ၄ ပွဲကို ရွေးထုတ် ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ ဝုဗ် – တော့တင်ဟမ် ဟော့စပါး ( ကာရာဘောင်ဖလား )

အသင်းကြီးချင်း တွေ့တဲ့ ပွဲ ဖြစ်တဲ့ အပြင် ဒီပွဲ ရလဒ်က နည်းပြတွေ ရဲ့ အနာဂါတ် အပေါ်လည်း

ကြီးကြီး မားမား သက်ရောက်မှု ရှိလာနိုင်ပါတယ် ။

စပါး ရော ဝုဗ် ပါ ဒီရာသီ အမှတ်ပေး ပြိုင်ပွဲမှာ အခြေအနေ မကောင်းကြသေး ပါဘူး ။

ဒါကြောင့် ကြားရက် ဖလားပွဲမှာ ရလဒ်ကောင်း ထွက်အောင် အစွမ်းကုန် ကြိုးစား ကြမှာပါ ။

လူငယ် ကစားသမား ၁ ယောက် ၂ ယောက်လောက် ပါလာ နိုင်ပေမယ့် တကယ်တမ်း ဂိုးလိုအပ်လာချိန်

မှာတော့ စီနီယာ အသင်းသားတွေ ကို အားဖြည့်ပြီး ကစားသွားဖို့ သေချာသလောက် ရှိနေပါတယ် ။

၂ ကျော့ ကန်စရာ မလိုတဲ့ ရှုံးထွက်ပွဲ ဖြစ်တာကြောင့် ဒီပွဲရှုံးတဲ့ နည်းပြဟာ ထုတ်ခံရဖို့ အလားအလာ များသွားမှာပါ ။

ဗိုလ်လုပွဲလို အရှုံးမပေးတမ်း ကစားကြမယ့် ဒီပွဲလောက် ကြည့်လို့ ကောင်းမယ့် ပွဲမျိုး ဒီကြားရက်မှာ ရှိမယ် မထင်ပါဘူး ။

အဆုံးသတ်မှာ အောင်ပွဲခံမှာက နူနို ဆန်းတိုစ့် လား ၊ ဘရူနို လာဂေး လားဆိုတာတော့ စောင့်ကြည့် ရမှာပါပဲ ။

 

၂ ။ ချဲလ်ဆီး – အက်စတွန် ဗီလာ ( ကာရာဘောင် ဖလား )

တူချယ် တယောက် ပရီးမီးယားလိဂ် ကို ပဲ အားထည့် မလား ၊ ပြိုင်ပွဲ အားလုံးမှာ စစ်မျက်နှာ ဖြန့်ကျက် မလား ဆိုတာက

ဒီပွဲ ရဲ့ အဓိက အရေးပါတဲ့ အပြောင်းအလဲ ဖြစ်လာ နိုင်ပါတယ် ။

ချဲလ်ဆီး ရဲ့ စီနီယာ အသင်းဟာ ဗီလာ ကို အနိုင် ကစားဖို့ အခက်အခဲ မရှိ နိုင်ပါဘူး ။

ဒါပေမယ့် လူငယ်လေးတွေ နဲ့ ဆိုရင်တော့ တမျိုးတမြည် ဖြစ်သွားနိုင် ပါတယ် ။

ဘာလို့လည်း ဆိုတော့ ဗီလာ ဘက်က လူစုံ ထုတ်လာ နိုင်တာကြောင့်ပါပဲ ။

ဗီလာ ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ အဲဗာတန် ကို ခြေစွမ်းပြပြီး ၃ – ၀ နဲ့ ဂိုးပြတ် အနိုင်ယူထားခဲ့ပါတယ် ။

ဒီလ အစောပိုင်း တုန်းက ဆုံတွေ့ ခဲ့ကြချိန် တုန်းကတော့ ချဲလ်ဆီးက ဗီလာ ကို ၃-၀ နဲ့ နိုင်ထားခဲ့တာပါ ။

ဒါကြောင့် ဒီပွဲ မှာလည်း ချဲလ်ဆီး ဘက်က အဓိက ကစားသမား တဝက်လောက် ပါမယ် ဆိုရင် ဗီလာ ကို အနိုင်ရဖို့ ရာခိုင်နှုန်း များပါတယ် ။

ပွဲကတော့ ကြည့်ကောင်းမှာပါ ။

 

၃ ။ ဝက်စ်ဟမ်း – မန်ချက်စတာ ယူနိုက်တက် ( ကာရာဘောင် ဖလား )

အန်တိုနီယို ပြန်ပါလာမယ့် ဝက်စ်ဟမ်း တို့ ဒီပွဲမှာ ယူနိုက်တက် ကို လက်စား ပြန်ချေ နိုင်မလား စောင့်ကြည့် ရမှာပါ ။

ဆိုးရှား ရဲ့ ချိုတလှည့် ခါးတလှည့် သီအိုရီ အရဆိုရင် ဒီပွဲ ကို ယူနိုက်တက် ရှုံးသွားဖို့ များပါတယ် ။

ရိုနယ်ဒို ၊ ဖာနန်ဒက်စ် ၊ ပေါ့ဘာ တို့ ထဲက အနည်းဆုံး ၂ ယောက်လောက်ကို ဒီပွဲမှာ ဆိုးရှား အနားပေးမှာပါ ။

ဗန်ဒီဘိ ၊ လင်ဂတ် တို့ ပါလာဖို့ သေချာပါတယ် ။

ပရိသတ်တွေက ဗန်ဒီဘိ ကို အရမ်း တောင်းဆို နေပေမယ့် နယ်သာလန်သားက ယူနိုက်တက် ကစားပုံနဲ့ အံဝင် ခွင်ကျ မဖြစ်သေးပါဘူး ။

ဒါကြောင့် မာတစ် ၊ ဗန်ဒီဘိ ၊ မာတာ တို့တွေ ပါလာခဲ့မယ် ဆိုရင်တော့ ဒီပွဲဟာ ဒေးဗစ် မိုရက်စ် အကြိုက်ပွဲ ဖြစ်သွားဖို့ များပါတယ် ။

 

၄ ။ ဖီအိုရင်တီးနား – အင်တာမီလန် ( စီးရီးအေ )

ဒီပွဲ နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမိတာက ဗလာဟိုဗစ် တယောက် အပြောနဲ့ အလုပ် ညီမလား ဆိုတာပါပဲ ။

ဟာလန်း နဲ့ ပြိုင်ပြီး ဂိုးသွင်း နိုင်တယ်လို့ ကြုံးဝါး ထားတဲ့ ဗလာဟိုဗစ် ဟာ စီးရီးအေ မှာ ၃ ဂိုး သွင်းထားပါတယ် ။

ဖီအိုရင်တီးနား တသင်းလုံး ရဲ့ သွင်းဂိုး ထက်ဝက် နီးပါး ပါပဲ ။ ဒီပွဲမှာလည်း ဗလာဟိုဗစ် က အင်တာ အတွက်

အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေမှာပါ ။

အင်တာ ကတော့ ပိတ်ရက်ပွဲစဉ်မှာ ဂိုးဒါဇင်ဝက် သွင်းပြီး ရီးရဲ ကို ချန်ပီယံလိဂ် အုပ်စု အဖွင့်မှာ ရှုံးနိမ့်ခဲ့တဲ့

ဒဏ်ရာကို ကုစားနိုင်ခဲ့ ပါတယ် ။

လက်ရှိ အချိန်ထိတော့ စီးရီးအေ မှာ အင်တာ တိုက်စစ်က ဂိုးသွင်းအား အကောင်းဆုံး ဖြစ်ပြီး ၄ ပွဲမှာ ၁၅ ဂိုးထိ သွင်းယူ ထားပါတယ် ။

ခံစစ် ကတော့ ဂျီနိုအာ နဲ့ ပွဲကလွဲရင် ကျန်ပွဲတိုင်းမှာ ဂိုးပေးထားရပါတယ် ။

ဒါကြောင့် ဒီညပွဲမှာ ၂ သင်းစလုံး ဂိုးပေါက် ရှာတွေ့ဖို့ ရှိနေပြီး ဘယ်အသင်းက ပိုသွင်း နိုင်မလဲ ဆိုတာကိုပဲ

အဓိက စောင့်ကြည့် ရမှာလို့ ဆိုရမှာ ဖြစ်ပါတယ် . . . ။

 

SPORTS MYANMAR