အဆင့် အပြောင်းအလဲ ဖြစ်ခဲ့တဲ့ ရွှေဘောလုံးဆု အတွက် ရေပန်းစားမှု . . . ဘယ်သူ နံပါတ် ၁ လဲ ?

ဘောလုံးရာသီသစ် စတင် လာခဲ့တာ အချိန်အားဖြင့် ၁ လ ကျော်ခဲ့ ပါပြီ ။

နိုင်ငံ တကာ ပွဲစဉ်တွေ ကြားဝင် ခဲ့တာကြောင့် အခုချိန်မှ အမှတ်ပေး ပွဲစဉ် ၅ ပွဲသာ အများဆုံး ကစား ထားကြ ရပါသေးတယ် ။

ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် နဲ့ ကွန်ဖရန့်လိဂ် ပွဲစဉ်တွေ ၊ ပြည်တွင်း ရှုံးထွက် ပွဲတွေ ကိုပါ ထည့်တွက်မယ် ဆိုရင်တော့ တသင်းကို ၆ ပွဲ ၇ ပွဲ လောက် ကစားထားပြီး ကြပြီလို့ မှတ်ယူ ရမှာပါပဲ ။

ဘောလုံး လောက ရဲ့ အစဉ်အလာ ကြီးမားတဲ့ ရွှေဘောလုံး ( Ballon D’or ) ဆုပေးပွဲကြီး ကျင်းပဖို့ ကလည်း

လ အနည်းငယ်သာ လိုပါတော့တယ် ။

မကြာတော့တဲ့ အချိန်မှာ နောက်ဆုံး စကာတင် ၃ ဦး ရဲ့ အမည်ကို ထုတ်ပြန် ကြေညာတော့ မှာပါ ။

ဘယ်သူက ဒီနှစ် အတွက် ဆုရှင် ဖြစ်မလဲ ဆိုတာ မသိရသေးခင် မှာ ဘယ်သူတွေ ရေပန်း အစားဆုံး ဖြစ်နေလဲ ဆိုတာ လေ့လာ ကြည့်လိုက် ကြရအောင် . . .

၁၀ ။ ကာရင် ဘန်ဇီးမား ( ရီးရဲမက်ဒရစ် )

ယခင် အဆင့် – ၁၁

၂၀၂၁ စွမ်းဆောင်မှု – ၂၈ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီး

ပြီးခဲ့တဲ့ ရာသီတုန်းက ရီးရဲမက်ဒရစ် ရဲ့ အဓိကလူ ဖြစ်ခဲ့တဲ့ ဘန်ဇီးမား ဟာ ဒီရာသီသစ် မှာလည်း အကောင်းဆုံး ပုံစံကို ရရှိနေပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ လာလီဂါ ပွဲစဉ် ၅ အပြီးမှာ အဆင့် ၁ နေရာကို ရယူထားပြီး ဘန်ဇီးမား ဟာ ၆ ဂိုးသွင်းကာ ၅ ဂိုး ဖန်တီး ပေးထားခဲ့ပါတယ် ။ ဒါကြောင့်လည်း အဆင့်တက်လာခဲ့တာပါ ။

၉ ။ ကယ်ဗင် ဒီဘရိုင်းနား ( မန်စီးတီး )

ယခင် အဆင့် – ၇

၂၀၂၁ စွမ်းဆောင်ရည် – ၁၀ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီး

အောင်မြင်မှု – ပရီးမီးယားလိဂ် ၊ ကာရာဘောင်ဖလား

မနှစ်က PFA ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပေမယ့် ဒီရာသီ မှာတော့ ဒီဘရိုင်းနား တယောက် ပုံစံကောင်း မပြနိုင်သေးပါဘူး ။

ဘယ်လ်ဂျီယံသားဟာ ဒဏ်ရာတွေ နဲ့ ရုန်းကန် နေခဲ့ရပြီး ရွှေဘောလုံး ဆု အဆင့်မှာ ၂ ဆင့် လျော့ကျ သွားခဲ့ရ ပါတယ် ။

၈ ။ ခရစ္စတီယာနို ရိုနယ်ဒို ( မန်ချက်စတာ ယူနိုက်တက် )

ယခင် အဆင့် – ၈

၂၀၂၁ စွမ်းဆောင်ရည် – ၃၃ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီး

အောင်မြင်မှု – ကိုပါ အီတလီယာဖလား

မနှစ်က စီးရီးအေ ဂိုးသွင်း ဘုရင် ဖြစ်ခဲ့တဲ့ ရိုနယ်ဒို ဟာ ဒီရာသီ မှာတော့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်

ကို ပြန်ပြီး ၃ ပွဲ ကစားရာမှာ ၄ ဂိုးထိ သွင်းယူ ပေးထားနိုင်ခဲ့ ပါတယ် ။

နိုင်ငံတကာ ပွဲစဉ် ကာလ မှာလည်း အလီဒါယီ ရဲ့ ဂိုးသွင်း စံချိန် ကို ကျော်ဖြတ်ကာ စံချိန်သစ် ပိုင်ရှင် ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ဖလားအောင်မြင်မှု ကတော့ ပြောပလောက်အောင် မရှိခဲ့ ပါဘူး ။

၇ ။ အမ်ဘာပေ ( PSG )

ယခင် အဆင့် – ၆

၂၀၂၁ စွမ်းဆောင်ရည် – ၃၃ ဂိုးသွင်း ၊ ၁၁ ဂိုး ဖန်တီး

အောင်မြင်မှု – ပြင်သစ် ရှုံးထွက် ဖလား

ရိုနယ်ဒို လိုပဲ ဘာပေ ဟာ မနှစ်က ပြည်တွင်း ရွှေဖိနပ်ဆု နဲ့ ပြည်တွင်း ရှုံးထွက် ဖလားတွေကို ရခဲ့ ပါတယ် ။

ဒါပေမယ့် အဓိက ဆုဖလားတွေ လက်လွှတ် ခဲ့ရသလို ယူရို မှာလည်း ပြင်သစ် အသင်းနဲ့ မအောင်မြင်ခဲ့ ပါဘူး ။

ရာသီသစ် အစမှာတော့ PSG အတွက် ဂိုးတွေ သွင်းပေးနေခဲ့ ပါတယ် ။ ဒါပေမယ့် အဆင့်ကျခဲ့ပါတယ် ။

၆ ။ အာလင်း ဟာလန်း ( ဒေါ့မွန် )

ယခင် အဆင့် – ၉

၂၀၂၁ စွမ်းဆောင်ရည် – ၄၁ ဂိုးသွင်း ၊ ၁၃ ဂိုး ဖန်တီး

အောင်မြင်မှု – ဂျာမန် ပိုကယ်ဖလား

မနှစ် တုန်းက ဘွန်ဒစ်လီဂါ မှာ လီဝန်ဒေါ့စကီး ရဲ့ နောက် ၊ ဒုတိယ ဂိုးသွင်း အကောင်းဆုံး ဖြစ်ခဲ့တဲ့

နော်ဝေသားလေး ဟာလန်း ဟာ ဒီရာသီ မှာလည်း သူ့ရဲ့ ကောင်းမွန်တဲ့ ဂိုးသွင်း စွမ်းရည်ကို ဆက်လက် ပြသ နေခဲ့ ပါတယ် ။

အသက် ၂၁ နှစ်သာ ရှိသေးပေမယ့် ဟာလန်း ဟာ ဒီရာသီ ဘွန်ဒစ်လီဂါ မှာ ၅ ပွဲ ကစားပြီး ၇ ဂိုးသွင်းကာ ၄ ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ ပါတယ် ။

၅ ။ ရိုမီရို လူကာကူ ( ချဲလ်ဆီး )

ယခင် အဆင့် – ၅

၂၀၂၁ စွမ်းဆောင်ရည် – ၂၉ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီး

အောင်မြင်မှု – စီးရီးအေ

မနှစ်က ရာသီမှာ အင်တာ မီလန် နဲ့ စီးရီးအေ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တဲ့ လူကာကူ ဟာ

ဒီရာသီ မှာတော့ အသင်းဟောင်း ချဲလ်ဆီး ထံ ပြောင်းလာခဲ့ပြီး ဂိုးတွေ ဆက်လက် သွင်းပေး နေခဲ့ ပါတယ် ။

၄ ။ အန်ဂိုလို ကန်တီ ( ချဲလ်ဆီး )

ယခင် အဆင့် – ၄

၂၀၂၁ စွမ်းဆောင်ရည် – ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီး

အောင်မြင်မှု – ချန်ပီယံလိဂ် ၊ UEFA Super Cup

ကွင်းလယ် ခံစစ်သမား တယောက်ကို တိုက်စစ်သမားတွေ နဲ့ ယှဉ်ပြီး သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး ။

ကန်တီ ဟာ မနှစ်က ချဲလ်ဆီး ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုမှာ အခရာ ကျခဲ့တဲ့ ကစားသမား ဖြစ်ပြီး

ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ် အများအပြားမှာ Man of the Match ဖြစ်ခဲ့ ပါတယ် ။

ဒီရာသီ အစမှာ ဒဏ်ရာ အနည်းငယ် ရှိခဲ့ပေမယ့် သူ ဝင် ကစားတဲ့ ပွဲတိုင်းမှာ သူ့ရဲ့ အရေးပါမှုကို ပြသ နေဆဲပဲ ဖြစ်ပါတယ် ။

၃ ။ ဂျော်ဂျင်ဟို ( ချဲလ်ဆီး )

ယခင် အဆင့် – ၃

၂၀၂၁ စွမ်းဆောင်ရည် – ၅ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီး

အောင်မြင်မှု – ချန်ပီယံလိဂ် ၊ UEFA Super Cup ၊ ယူရို ၂၀၂၀

ကန်တီ ထက် ပိုတဲ့ ဂျော်ဂျင်ဟို ရဲ့ စွမ်းဆောင်မှု ကတော့ ယူရို ၂၀၂၀ ဖလားကြီး ပါပဲ ။

ဂျော်ဂျင်ဟို ဟာ ချဲလ်ဆီး နဲ့ အီတလီ လက်ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ် ကို အကောင်းဆုံး ဦးဆောင်ပြီး

အောင်ပွဲတွေ ရှိရာကို မောင်းနှင် ပေးသွားခဲ့ ပါတယ် ။

UEFA ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆိုကိုလည်း ရရှိထားသူ ဖြစ်ပါတယ် ။

၂ ။ ရောဘတ် လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် )

ယခင် အဆင့် – ၂

၂၀၂၁ စွမ်းဆောင်ရည် – ၄၈ ဂိုးသွင်း ၊ ၇ ဂိုး ဖန်တီး

အောင်မြင်မှု – ဘွန်ဒစ်လီဂါ ၊ ကလပ် ကမ္ဘာ့ဖလား

၂၀၂၀ ခုနှစ် ရဲ့ ရွှေဘောလုံး ဆုရှင် ဖြစ်ခဲ့သင့်ပေမယ့် ဆုပေးပွဲ မဖြစ်မြောက် ခဲ့တာကြောင့်

နစ်နာ ခဲ့ရတဲ့ လီဝန်ဒေါ့စကီး ကတော့ သူဟာ ကောက်ရိုးမီး မဟုတ်ကြောင်းကို

ပြီးခဲ့တဲ့ ရာသီ မှာရော ဒီရာသီမှာပါ ဂိုးတွေ ဆက်သွင်းပြီး ပြသ နေခဲ့ ပါတယ် ။

၂၀၂၀ ဆုနဲ့ ကံဆိုးကာ လွဲခဲ့ရတာကြောင့် ပရိသတ်တွေ ရဲ့ စာနာမှု ကို ရရှိထားတဲ့ ပိုလန်သားကြီး ဟာ

ဒီနှစ် ဆု အတွက် လီယွန်နယ် မက်ဆီ ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာ နိုင်တယ်လို့ အလေးပေး ခံထားရသူလည်း ဖြစ်ပါတယ် ။

၁ ။ လီယွန်နယ် မက်ဆီ ( PSG )

ယခင် အဆင့် – ၁

၂၀၂၁ စွမ်းဆောင်ရည် – ၃၆ ဂိုးသွင်း ၊ ၁၄ ဂိုး ဖန်တီး

အောင်မြင်မှု – စပိန် ဘုရင့်ဖလား ၊ ကိုပါ အမေရိကဖလား

ရာသီသစ် မှာ အသင်းသစ် နဲ့ အသားမကျ ၊ ပုံစံကောင်း မပြ နိုင်သေးပေမယ့် မက်ဆီ ကတော့

ရွှေဘောလုံး ဆု အတွက် ထိပ်ဆုံးက ရေပန်း စားနေတုန်းပါပဲ ။

မနှစ်က ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့ လောက်လောက် လားလား မအောင်မြင် ခဲ့ပေမယ့်

နွေရာသီမှာ ကျင်းပတဲ့ ကိုပါအမေရိကဖလား က အောင်မြင်မှုတွေဟာ မက်ဆီ ကို ရေပန်းစားမှု မှာ

နံပါတ် ၅ ကနေ နံပါတ် ၁ နေရာကို ခုန်တက် သွားစေခဲ့ ပါတယ် ။

ဆုပေးပွဲ ကတော့ ဒီဇင်ဘာ မှ ကျင်းပမှာပါ ။ လက်ရှိ အနေအထား အရတော့ မက်ဆီ ၊ လီဝန်ဒေါ့စကီး နဲ့ ဂျော်ဂျင်ဟို တို့ သာ နောက်ဆုံး စကာတင် ၃ ဦးထဲ ကို ပါဝင်ဖို့ ရှိနေပါတယ် ။

လက်ရှိ မှာ မက်ဆီ က ဦးဆောင် နေဆဲ ဖြစ်ပေမယ့် PSG မှာ ပုံစံကောင်းတွေ အမြန်ဆုံး ပြသနိုင်ဖို့တော့ လိုအပ် ပါတယ် ။

ဘာကြောင့်လည်း ဆိုတော့ လီဝန်ဒေါ့စကီး က ဂိုးသွင်းခြေ မှန်နေသလို ဂျော်ဂျင်ဟို ရဲ့ ချဲလ်ဆီး ကလည်း

ပြည်တွင်း မှာရော ဥရောပ မှာပါ အကောင်းဆုံး ပုံစံ ရရှိ နေတာပါ ။

ဒီဆုကြီး ကို မက်ဆီ ကပဲ ၇ ကြိမ်မြောက် ရယူသွားမလား ၊ ဒါမှ မဟုတ် ဆုရှင်သစ် ထွက်ပေါ်လာမလား ဆိုတာကိုတော့ စောင့်ကြည့် ကြပါစို့ဗျာ . . . . .

SPORTS MYANMAR