မက်ဆီ ကို ဘာပေ ၊ နေမာ တို့ နဲ့ တန်းတူမဆက်ဆံဘူးလို့ ပိုချက်တီနို ကို ဝေဖန်လိုက်တဲ့ PSG ကစားသမားဟောင်း

ပြင်သစ် ထိပ်သီး ကလပ် PSG ရဲက တောင်ပံ ကစားသမားဟောင်း ဂျရုမ်း ရိုသန် က လက်ရှိ PSG နည်းပြ

မော်ရီစီယို ပိုချက်တီနို ကို လီယွန်နယ် မက်ဆီ ကို လူစားလဲခဲ့မှု နဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ လိုင်ယွန် အသင်း ကို ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ

နေမာ ၊ ဘာပေ တို့ နဲ့ အတူ ပွဲထွက် ပါဝင် ခဲ့ပါတယ် ။

ကွင်းထဲမှာ လည်း မက်ဆီ ဟာ မက်ဆီ နဲ့ တူတဲ့ ခြေစွမ်းကို ပြသ နိုင်ခဲ့ ပေမယ့် ပွဲချိန် ၇၆ မိနစ် မှာတော့

ဟာခီမီ နဲ့ လူစားလဲ ခံခဲ့ရ ပါတယ် ။

PSG အတွက် အနိုင်ဂိုး ကိုတော့ ဒီမာရီယာ နဲ့ လူစားလဲ ဝင်လာတဲ့ တိုက်စစ်မှူး အီကာဒီ က မိနစ် ၉၀ ကျော် မှာ သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

မက်ဆီ ဟာ လူစားလဲခံရမှု အပေါ် မပျော် မရွှင် ဖြစ်ခဲ့ဘဲ နည်းပြ ပိုချက်တီနို ကို လျစ်လျှူ ရှုကာ ပွဲကြည့်စင် ပေါ်ကို တက်သွားခဲ့ ပါတယ် ။

အဲ့ဒိ နောက်မှတော့ မက်ဆီရဲ့ ပြင်သစ် ကလပ် က အခြေအနေ နဲ့ ပတ်သက်ပြီး ပရိသတ်တွေ အကြားမှာ

စိုးရိမ်မှုတွေ ရှိလာခဲ့သလို သတင်းတွေ မှာလည်း မက်ဆီ ဟာ PSG မှာ မပျော်မရွှင် ဖြစ်နေပြီလို့ ရေးသား ဖော်ပြ လာခဲ့ကြပါတယ် ။

ဒါပေမယ့် ရိုသန် ကတော့ ပိုချက်တီနို ဟာ မက်ဆီ ကို မပျော်ရွှင်အောင် လုပ် ခဲ့တဲ့ အဓိက တာဝန် ရှိသူ ဖြစ်တယ်လို့

ပြောဆို ဝေဖန် သွားခဲ့ပြီး အာဂျင်တီးနား နည်းပြ ရဲ့ ဘာပေ ၊ နေမာ တို့ အပေါ် ပိုမို အလေးပေးမှု ကိုလည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“မက်ဆီ က ကွင်းထဲမှာ ဆက်နေချင် ခဲ့ပါတယ် ။ ဒါကို ပိုချက်တီနို က လူလဲခဲ့တာပါ ။

ကျွန်တော် သူ့ကို စောင့်ကြည့် နေတာ ကြာပါပြီ ။

ဘာပေ ၊ နေမာ တို့ အပေါ်ကို အရမ်း အလေးပေးလွန်း ပါတယ် ။ သူတို့ ထဲက ဘယ်သူ ဖြစ်ဖြစ်ပါ ။

ဘယ်တော့မှ ကွင်းထဲကနေ လူစားလဲ တာမျိုး မတွေ့မိ ပါဘူး ၊ သူတို့ ကစားပုံ ဆိုးနေရင် တောင်မှပေါ့ ။

ဒီမာရီယာ ၊ ပါရီဒက်စ် ၊ အီကာဒီ တို့ကတော့ နေမာ ၊ ဘာပေ တို့လို နည်းပြ ရဲ့ ကာကွယ်မှုကို မရခဲ့ကြပါဘူး ။

အခု မက်ဆီ အထိ ရောက်လာ ပါပြီ ။

ဂုဏ်သတင်း နဲ့ ကျော်ဇောမှု အရ မက်ဆီ က နေမာ ၊ ဘာပေ တို့ထက် အများကြီး သာပါတယ် ။

မက်ဆီ ကရော ကစားပုံ ဆိုးနေလို့လား ၊ ကျွန်တော်တော့ မထင်ပါဘူး ။

ပိုချက်တီနို က သူ့ထက် အရှိန်အဝါကြီးတဲ့ ကစားသမားတွေ ကြားမှာ လွှမ်းမိုးမှု ရှိနေချင်ပုံပါပဲ ။

ဒါက အပျက်အစီးတွေ ဖြစ်လာ စေနိုင်ပါတယ်” လို့ ရိုသန် က ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ လိုင်ယွန် ဘက်ကို အီကာဒီ အနိုင်ဂိုး သွင်းယူ လိုက်ချိန် မှာလည်း အခြား PSG ကစားသမားတွေလို

အော်ဟစ် အောင်ပွဲခံတာမျိုး မရှိခဲ့ ပါဘူး ။

မနေ့က နေ့လည်ပိုင်း မှာတော့ မက်ဆီ ဟာ ဘယ်ဘက် ခြေထောက်မှာ ဒဏ်ရာ ရရှိ နေတာကြောင့်

ကြားရက်မှာ ကစားမယ့် မက်ဇ် အသင်းနဲ့ ပွဲ ကို လွဲချော်မယ်လို့ PSG ဘက်က ထုတ်ပြန် သွားခဲ့ ပါတယ် ။

နောက်ဆက်တွဲ ကြားသိရတဲ့ သတင်းအရ မက်ဆီ ရဲ့ ဒဏ်ရာ ဟာ သက်သာလာခြင်း မရှိပါက

ပိတ်ရက်မှာ ကစားမယ့် အမှတ်ပေး ပွဲ အပြင် နောက်လာမယ့် ကြားရက် မှာ မန်စီးတီး နဲ့ ယှဉ်ပြိုင် ကစားမယ့်

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကိုပါ လွဲချော် ဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR