မန်ချက်စတာ ယူနိုက်တက် ရဲ့ ဝက်စ်ဟမ်း နဲ့ ပွဲက Rating နဲ့ စိတ်ဝင်စားစရာ အချက်များ

မန်ချက်စတာ ယူနိုက်တက် တို့ ဖလား ၁ လုံးတော့ စောစော စီးစီး လက်လွှတ် လိုက်ရပါပြီ ။

တနင်္ဂနွေ တုန်းက အဝေးကွင်းမျာ အနိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ကို ၃ ရက် အကြာမှာတော့

အိမ်ကွင်းမှာ ယူနိုက်တက် တို့ လက်မြှောက် အရှုံးပေးခဲ့ ရ ပါတယ် ။

အရင် ၂ ရာသီ တုန်းကတော့ ဆိုးရှား ဟာ ယူနိုက်တက် ကို ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ်တွေ ဆီ

ခေါ်ဆောင် ပေးနေကျပါ ။ ဒီရာသီ မှာတော့ စောစောပဲ နားခဲ့ကြရ ပါပြီ ။

 

ဆိုးရှား ဟာ ဒီကနေ့ ပွဲမှာ ပရီးမီးယားလိဂ် ပွဲတုန်းက လူစာရင်းကို အလုံးစုံ ပြောင်းလဲ ခဲ့ ပါတယ် ။

ရိုနယ်ဒို ၊ ပေါ့ဘာ ၊ ဒီဂီယာ ၊ ဗာရန်း နဲ့ ဟယ်ရီ မက်ဂွဲယား တို့က အရန်စာရင်းမှာတောင် ပါမလာ ခဲ့ပါဘူး ။

ရှေ့တန်း မှာ မာရှယ် ကို အထောင်ထားခဲ့ပြီး လင်ဂတ် ၊ ဆန်ချို နဲ့ မာတာ တို့က နောက်ကနေ ဝန်းရံ ခဲ့ကြပါတယ် ။

ကွင်းလယ် မှာတော့ တောင်းဆိုမှု များနေတဲ့ ဒွန်နီ ဗန်ဒီဘိ ပါလာခဲ့ပြီး မာတစ် နဲ့ တွဲဖက် ကစားသွားခဲ့ ပါတယ် ။

ခံစစ်မှာတော့ ဒါးလော့ ၊ ဘိုင်လီ ၊ လင်ဒီလော့ဖ် နဲ့ အဲလက်စ် တဲလက်စ် တို့ ပါဝင်ကာ ဂိုးသမား နေရာမှာတော့ ဟန်ဒါဆင် ကို ပွဲထုတ် သွားခဲ့ ပါတယ် ။

 

ဧည့်သည့် ဝက်စ်ဟမ်း ဟာ ပွဲအစ ၉ မိနစ် မှာတင် လန်ဇီနီ ရဲ့ ဂိုးနဲ့ ဦးဆောင် နိုငိခဲ့ပြီး ယူနိုက်တက် ကတော့

ဂိုးပေး လိုက်ရပြီးမှ ကစားပုံ ကောင်းလာခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲပြီးသွားတဲ့ အထိ ချေပဂိုး ပြန်မသွင်းနိုင်ခဲ့ ပါဘူး ။

 

ဒုတိယပိုင်းမှာ ဆိုးရှား ဟာ ဖာနန်ဒက်စ် ၊ ဂရင်းဝုဒ် တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ ပေမယ့် ရလဒ်ကို မပြောင်းလဲ နိုင်ဘဲ ကာရာဘောင် ကနေ ထွက်ခွာ ခဲ့ရပါတယ် ။

ဒီနေ့ ပွဲမှာ နောက်တန်းက အဲရစ် ဘိုင်လီ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ရှေ့အထိ တက်ကာ တိုက်စစ်လိုက်ပါ ကစားသွားခဲ့ ပါတယ် ။

ဗန်ဒီဘိ ရဲ့ အတက်အဆင်း နဲ့ ကစားပုံ ကိုလည်း ပရိသတ်တွေ နှစ်သက်ခဲ့ကြသလို ဂိုးသမား ဟန်ဒါဆင် ကလည်း ကာကွယ်မှု အချို့ ပြုလုပ် နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် မာရှယ် ၊ ဆန်ချို တို့ ရဲ့ အနေအထားကတော့ ပရိသတ်တွေကို ဆက်လက် စိတ်ပျက်ရစေ ခဲ့သလို

အဲလက်စ် တဲလက်စ် ရဲ့ ခြေစွမ်း ညံ့မှုကြောင့်လည်း ဘယ်နောက်ခံလူ နေရာအတွက် ( လုခ်ရှော ဒဏ်ရာ ရသွားမှာကို ) စိုးရိမ်လာခဲ့ ကြရပါတယ် ။

 

ဒီကနေ့ ပွဲမှာ ကစား ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ Rating တွေ ကတော့ –

ဟန်ဒါဆင် ၇

ဒါးလော့ ၆ ။ လင်ဒီလော့ဖ် ၅ ။ ဘိုင်လီ ၇ ။ အဲလက်စ် တဲလက်စ် ၄

မာတစ် ၅ ။ ဗန်ဒီဘိ ၆

ဆန်ချို ၅ ။ မာတာ ၆ ။ လင်ဂတ် ၆

မာရှယ် ၄

လူစားဝင် ကစားသမားများ – ဂရင်းဝုဒ် ၆ ၊ ဘရူနို ဖာနန်ဒက်စ် ၅ ၊ အီလန်ဂါ ၅ တို့ပဲ ဖြစ်ပါတယ် ။

ဒီပွဲကနေ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စား စရာ အချက်တွေ ကတော့ –

 

၁ ။ အဆုံးသတ်စွမ်းရည် ညံ့တဲ့ ၂ သင်

 

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနေ့ ပွဲမှာ ဝက်စ်ဟမ်း ဂိုးပေါက် ကို ၂၇ ကြိမ်တောင် ကန်ခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဘက်ကလည်း ၈ ကြိမ် ကန်ခဲ့တာပါ ။

ယူနိုက်တက် ဘက်က ဂိုးပေါက် ၆ ကြိမ်တည့်ပြီး ဝက်စ်ဟမ်း က ၃ ကြိမ်တည့် ပါတယ် ။

ဒါပေမယ့် လန်ဇီနီ ရဲ့ ၉ မိနစ် သွင်းဂိုး ၁ ဂိုးသာ တွေ့ခဲ့ရ ပါတယ် ။

၃၅ ကြိမ်ကန်ရာမှာ ၉ ကြိမ်သာ ဂိုးပေါက်တည့် တာက ၂ သင်းစလုံး ( အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် ) ရဲ့ ဂိုးသွင်း တိကျမှု အရည်အသွေး အပေါ် မေးခွန်းထုတ်ချင် စရာ ဖြစ်ခဲ့ရ ပါတယ် ။

 

၂ ။ အနာဂါတ် ပိုဆိုးလာနိုင်တဲ့ မာရှယ် နဲ့ အရောင်မထွက်သေးတဲ့ ဆန်ချို

ခရစ္စတီယာနို ရိုနယ်ဒို ရောက်ရှိလာမှု ၊ ဂျေဒန် ဆန်ချို ကို ခေါ်ယူနိုင်မှု ဟာ မာရှယ် ရဲ့ ပွဲထွက်ခွင့် ကို အကန့် အသတ် နဲ့ ဖြစ်လာစေတာ အမှန်ပါပဲ ။

ဒါပေမယ့် ပြင်သစ်သား ကိုယ်တိုင် ကလည်း အခွင့်အရေး ရချိန်မှာ ကောင်းကောင်း အသုံးမချ နိုင်ခဲ့ ပါဘူး ။

အရန် လူတွေ နဲ့ ကစားကြတဲ့ ပွဲဆိုပေမယ့် မာရှယ် ဟာ မနှစ်ကထိ ယူနိုက်တက် ရဲ့ ဦးစားပေး ပွဲထွက် တိုက်စစ်မှူး ဖြစ်ခဲ့တာပါ ။

Form is temporary, class is permanent ဆိုတဲ့ စကားကို ကြားဖူး ကြမှာပါ ။ မာရှယ် က Class လည်း အကောင်းဆုံး မဟုတ် ၊ Form လည်း မမှန်တဲ့ ကစားသမားလို့ ဆိုရမှာပါပဲ ။

 

ဆန်ချို ကတော့ ခုချိန်ထိ ညာတောင်ပံ ကနေ မိနစ် ၉၀ ပြည့် မကစားရသေး ပါဘူး ။

လင်ဂတ် ကို ညာတောင်ပံ ပေးခဲ့တာကြောင့် ဆန်ချို ဟာ ဒီပွဲမှာလည်း ဘယ်တောင်ပံ မှာ ကစားခဲ့ရ ပြန်ပါတယ် ။

ဒေါ့မွန် က ခြေစွမ်းမျိုးတွေ ကို ပြန်မမြင်ရ သေးသလို ကြံ့ခိုင်မှု အပိုင်းမှာလည်း အားနည်းနေတာ ကို မြင်တွေ့ နေရပါတယ် ။

ရက်ဖိုဒ့် အမြန်ပြန်လာမှသာ ဆန်ချို တယောက် ညာတောင်ပံ နေရာ ကို ပုံမှန် ပြန်ကစားရဖို့ ရှိပါတယ် ။

 

၃ ။ ပင်နယ်တီ မရသေးတဲ့ မန်ယူနိုက်တက်

မနှစ်က ပင်နယ်တီ ကို စံချိန်တင်လောက်အောင် ရခဲ့တဲ့ ယူနိုက်တက် ကတော့ ဒီရာသီမှာ ခုထိ ပင်နယ်တီ

တကြိမ်မှ မရသေးပါဘူး ။ တနင်္ဂနွေ နေ့က ပွဲမှာလည်း ပင်နယ်တီ ၂ ကြိမ်လောက် ရခဲ့သင်သလို

ခုည ပွဲမှာလည်း လင်ဂတ် ကို နိုဘယ် ဆွဲလှဲမှု ကနေ ပင်နယ်တီ အငြင်းအခုန် ဖြစ်ခဲ့ကြပါတယ် ။

ဒါပေမယ့် ဒီပွဲမှာလည်း ပင်နယ်တီ မရခဲ့ပြန် ပါဘူး ။

ရာသီ မစခင်တုန်းကတော့ ဆန်ချို ၊ ရက်ဖိုဒ့် ၊ ဂရင်းဝုဒ် တို့လို လျှင်မြန်တဲ့ ကစားသမားတွေကြောင့်

ယူနိုက်တက် တို့ ပင်နယ်တီတွေ အများကြီး ရမယ်လို့ ထင်မှတ်ခဲ့ကြပါတယ် ။ ဒါပေမယ့် အမြဲတမ်း မျှော်လင့်ထားသလို မဖြစ်လာတတ်ဘူးဆိုတာ ယူနိုက်တက် ရဲ့ ငြင်းပယ်ခံရတဲ့ ပင်နယ်တီတွေ က သက်သေပါပဲ ။

 

၄ ။ ချီးကျူးရမယ့် ဒေးဗစ် မိုရက်စ်

၂ သင်းစလုံး လူစုံထုတ် မကစားကြပါဘူး ။

ဒါပေမယ့် ဝက်စ်ဟမ်း ရဲ့ ကစားပုံက ယူနိုက်တက် ထက် ပိုပြီး ရှေ့ လယ် နောက် ဟန်ချက်ညီ ခဲ့ ပါတယ် ။

ဒေးဗစ် မိုရက်စ် ကတော့ မန်ချက်စတာ ယူနိုက်တက် မှာ ကျခဲ့ရတဲ့ သူ့ရဲ့ ဂုဏ်သတင်းကို ဝက်စ်ဟမ်း နဲ့ ပြန်ပြီး မြှင့်တင်လို့ နေပါပြီ ။

မနှစ်က ရာသီ အကုန်မှာ ဥရောပ ဝင်ခွင့် ရယူ ပေးခဲ့သလို ခုရာသီ မှာလည်း ဝက်စ်ဟမ်း ဟာ အသင်းကြီးတွေကို

ဒုက္ခပေးနိုင်တဲ့ အသင်း တသင်း အဖြစ် ရပ်တည် နေပါတယ် ။

ဒါဟာ အန်တိုနီယို ၊ ဒီကလန်ရိုက်စ် ၊ ဆူချက် တို့လို ကစားသမားကောင်းတွေ အပြင်

ဒေးဗစ် မိုရက်စ် လို နည်းပြ တယောက်ကို ပိုင်ဆိုင် ထားတဲ့ အကျိုးကျေးဇူးပါပဲ ။

 

SPORTS MYANMAR