မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အိုလေ ဂန်နာ ဆိုးရှား က သူဟာ အသင်းရဲ့ တိုက်စစ်မှူးကြီး
ခရစ္စတီယာနို ရိုနယ်ဒို ကို ဝက်စ်ဟမ်း နဲ့ ကစားခဲ့တဲ့ ကာရာဘောင် ဖလား ပွဲမှာ အနားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး
ရိုနယ်ဒို ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပုံ ရကြောင်း အင်တာဗျူး မှာ အရိပ်မြွက် ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
ယူနိုက်တက် ဟာ တနင်္ဂနွေ တုန်းက ပရီးမီးယားလိဂ် မှာ ၂-၁ နဲ့ နိုင်ခဲ့တဲ့ ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာ
ပြန်လည် လက်ခံ ကစားခဲ့ပြီး လန်ဇီနီ ရဲ့ ပွဲအစ ၉ မိနစ် မှာ သွင်းယူ ခဲ့တဲ့ ဂိုးနဲ့ ရှုံးနိမ့် ခဲ့ရ ပါတယ် ။
ဒါကြောင့် ယူနိုက်တက် ဟာ ဆိုးရှား လက်အောက်မှာ ကာရာဘောင် ဖလား ၂ နှစ်ဆက် ဆီမီး ဖိုင်နယ် ရောက်ရှိမှု ကို ဆက်ပြီး မလုပ်ဆောင် နိုင်တော့ဘဲ တတိယ အဆင့်ကနေ နှုတ်ဆက် ခဲ့ရပြီ ဖြစ်ပါတယ် ။
ဆိုးရှား ဟာ ဒီကနေ့ ပွဲမှာ ဝက်ဟ်ဟမ်း ကို အနိုင် ယူခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတုန်းက လူစာရင်းကို အလုံးစုံ ပြောင်းလဲ ခဲ့ ပါတယ် ။
ရှေ့တန်း မှာ မာရှယ် ကို အထောင်ထားခဲ့ပြီး လင်ဂတ် ၊ ဆန်ချို နဲ့ မာတာ တို့က နောက်ကနေ ဝန်းရံ ခဲ့ကြပါတယ် ။
ကွင်းလယ် မှာတော့ တောင်းဆိုမှု များနေတဲ့ ဒွန်နီ ဗန်ဒီဘိ ပါလာခဲ့ပြီး မာတစ် နဲ့ တွဲဖက် ကစားသွားခဲ့ ပါတယ် ။
ခံစစ်မှာတော့ ဒါးလော့ ၊ ဘိုင်လီ ၊ လင်ဒီလော့ဖ် နဲ့ အဲလက်စ် တဲလက်စ် တို့ ပါဝင်ကာ ဂိုးသမား နေရာမှာတော့ ဟန်ဒါဆင် ကို ပွဲထုတ် သွားခဲ့ ပါတယ် ။
ရိုနယ်ဒို ကတော့ ဒီဂီယာ ၊ မက်ဂွဲယား ၊ ပေါ့ဘာ ၊ ဗာရန်း ၊ လုခ်ရှော ၊ ဖရက်ဒ် တို့နဲ့ အတူ အနားပေး ခံခဲ့ရပြီး
အရန်စာရင်းမှာပင် ပါဝင် မလာခဲ့ ကြပါဘူး ။
ဒါပေမယ့် ပွဲကြို အင်တာဗျူး မှာတော့ ဆိုးရှား က ရိုနယ်ဒို ဟာ ဒီပွဲကို ပါဝင် ကစားဖို့ ဆန္ဒ ရှိခဲ့ပုံရပြီး
သူက အနားပေးဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ကြောင်း အရိပ်မြွက် ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
“လာမယ့် တနင်္ဂနွေ ပွဲ မတိုင်ခင် အနည်းနဲ့ အများ အနားပေးဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။
ဘာလို့လည်း ဆိုတော့ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကစားသမားတွေ ကို ပိုပြီး လိုအပ် နေလို့ ပါပဲ ။
အဲလက်စ် တဲလက်စ် က ဒဏ်ရာ ကနေ သက်သာလာပြီး လေ့ကျင့် နိုင်တာ ရက်သတ္တပတ် နည်းနည်း ကြာခဲ့ ပါပြီ ။
ဘောလုံး ရာသီက အရှည်ကြီး ကျန်ပါသေးတယ် ။ လိုအပ်တဲ့ အပြောင်းအလဲကိုတော့ လုပ်ရမှာပါပဲ”
“ခရစ္စတီယာနို ကလည်း အသင်းကို ပြန်ရောက်ရောက်ချင်း မှာပဲ ပုံစံကောင်းတွေ ပြပြီး ခြားနားမှုတွေကို ယူဆောင်ခဲ့ ပါတယ် ။
သူကတော့ ဖြစ်နိုင်သမျှ များများ ကစားလို့ ရရင် ကစားချင်နေတာပါ ။
ဒါပေမယ့် ကျွန်တော် ကတော့ ဒီလို မထင်မိပါဘူး ။
အဆုံးသတ် မှာ အောင်မြင် နိုင်ဖို့ ဆိုရင် တသင်းလုံးက ကစားသမားတွေ ကို မိနစ်တွေ မျှဝေပေးဖို့ လိုပါတယ် ။
ဒီလို အများကြီး လူလဲ ကစားတာက စွန့်စားရာ ကျတာကို သိပါတယ် ၊ ဒါပေမယ့် ဒီလူတွေနဲ့
တံခါးပိတ် ပွဲတွေ အများကြီး ကစားခဲ့ပြီး ပါပြီ ။ သူတို့ ရစ်သမ် မှန်မှန် ကစားနိုင် မှာပါ” လို့ ဆိုးရှားက ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် မှာ အက်စတွန် ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို
ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး နောက်အပတ် ကြားရက် မှာတော့ ချန်ပီယံလိဂ် အုပ်စု ဒုတိယမြောက် ပွဲစဉ် အဖြစ် စပိန် ကလပ် ဗီလာရီးရဲ ကို ဧည့်ခံ ရမှာပဲ ဖြစ်ပါတယ် ။
ယူနိုက်တက် ဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့်မှာ ယန်းဘွိုင်းစ် ကို ရှုံးနိမ့် ထားတာကြောင့် ဒီပွဲမှာ အမှတ်ရဖို့ အလွန်အရေးကြီး နေမှာပဲ ဖြစ်ပါတယ် ။
SPORTS MYANMAR