ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ကာ ၎င်းရဲ့နေရာမှာ ပြန်လည်အစားထိုးရမယ့် မန်နေဂျာကို ပြောပြလိုက်တဲ့ အဘွန်လာဟော

အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း ဖြစ်သူ ဂါဘရီရယ်အဘွန်လာဟောက မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ အနေနဲ့ လက်ရှိ နည်းပြ အိုလီဂန်နာဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ကာ ချဲလ်ဆီး ဂျူဗင်တပ် နဲ့ အင်တာမီလန် မန်နေဂျာဟောင်း ဖြစ်သူ အန်တိုနီယိုကွန်တီနဲ့ ပြန်လည် အစားထိုးသင့်တယ်လို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စနေနေ့က အိုးထရပ်ဖို့ဒ်မှာ အက်စတွန်ဗီလာ အသင်းကို ဘရူနိုဖာနန်ဒက်စ်ရဲ့ နာကျင် အချိန်ပို ပင်နယ်တီ လွဲချော်မှုနဲ့ အတူ ၁-၀ နဲ့ အရေးနိမ့်ကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရ ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တစ်ပတ် ကြားရက်ကလည်း ဝက်ဟမ်းကို အရေးနိမ့်ကာ ကာရာဘောင်ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

အဘွန်လာဟောက ဆိုးရှားဟာ အရမ်း ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ယုံကြည်နေပြီး ကလပ် အနေနဲ့ ကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားတွေ ရယူနိုင်ခဲ့တဲ့ နည်းပြ ကွန်တီနဲ့ အစားထိုးသွားသင့်တယ်လို့ ဆိုလိုက်ပါတယ်။ ကွန်တီဟာ ဂျူဗင်တပ်နဲ့ အတူ အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့တဲ့ အပြင် ချဲလ်ဆီးနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၊ ပြီးခဲ့တဲ့ ရာသီက အင်တာမီလန်ကို စီးရီးအေ ဖလား ရယူပေးခဲ့သူ ဖြစ်ပါတယ်။

အဘွန်လာဟောက “ကျွန်တော် ကတော့ အိုလီဟာ မန်ယူနိုက်တက်နဲ့ အသင့်တော်ဆုံး မန်နေဂျာလို့ မထင်ပါဘူး။ အကယ်၍ သူ့ရဲ့ နေရာမှာ ကွန်တီသာ ဆိုရင် ပင်နယ်တီ ကန်သွင်းခွင့် တာဝန်ကို ရော်နယ်ဒို ကိုပဲ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ဘရူနို ဘက်က မကျေမနပ် ဖြစ်နေတယ် ဆိုရင် သူဟာ ဒီကစားသမားကို အရန်ခုံမှာ ထိုင်ခိုင်းသွားမယ့် ပါဝါ ရှိနေပါတယ်။ အိုလီမှာတော့ ဒါမျိုး လုပ်နိုင်စွမ်း မရှိပါဘူး။

အကယ်၍ ကျွန်တော်သာ မန်ချက်စတာယူနိုက်တက် ပိုင်ရှင် ဖြစ်နေမယ် ဆိုရင် ချဲလ်ဆီးတို့ ကလပ် ဂန္တဝင် လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့သလိုမျိုး လုပ်သွားမှာပါ။ သူ့ရဲ့ နေရာမှာ တူချယ် ဝင်ရောက်လာခဲ့ပြီးနောက် ချဲလ်ဆီးတို့ ဘယ်လို ဖြစ်သွားသလဲ ဆိုတာ ကြည့်လိုက်ပါ။ မန်ယူနိုက်တက် အနေနဲ့ အိုလီကို ရာထူးကနေ ထုတ်ပယ်ကာ ကလပ်မှာ ရာထူး တစ်နေရာ ပေးသွားပြီး ကွန်တီကို ခန့်အပ်သွားဖို့ လိုအပ်ပါတယ်။ ကွန်တီဟာ ဒီကစားသမားတွေ ဆီက အကောင်းဆုံး အရည်အသွေးကို ထုတ်ယူ နိုင်မှာပါ။

ဗီလာနဲ့ ပွဲမှာ သူ့ရဲ့ ပွဲအတွင်း ဆုံးဖြတ်ချက်တွေကို ကြည့်လိုက်ပါ။ ဒဏ်ရာရနေတဲ့ မက်ဂွိုင်းယားကို အမြန်ဆုံး လူစားမလဲဘဲ ၁၀ မိနစ်လောက် ကစားခိုင်းခဲ့ပါတယ်။ သွင်းဂိုးလိုအပ်နေတဲ့ အချိန် နောက်ဆုံး ၁၀ မိနစ်မှာ ဝက်ဟမ်းနဲ့ ပွဲက အနိုင်ဂိုး သွင်းပေးခဲ့တဲ့ လင်ဂတ် နဲ့ ပေါင် ၇၃ သန်းနဲ့ အရန်ခုံမှာ ထိုင်နေတဲ့ ဂျေဒွန်ဆန်ချို တို့အစား ဒီရာသီ ကလပ် အတွက် တစ်မိနစ်မှ မကစားရသေးတဲ့ ကာဗာနီကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက် တစ်ချို့ဟာ အတော်ကြီး မှားယွင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ ယူနိုက်တက် အနေနဲ့ ဒီကစားသမားတွေ ဆီက အကောင်းဆုံးကို ထုတ်ယူနိုင်ရန် ဆိုးရှားကို ရဲရဲထုတ်ပယ်ကာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကွန်တီ ဒါမှမဟုတ် ဇနက်ဒင်းဇိဒန်း တို့နဲ့ အစားထိုးသင့်တယ်လို့ ထင်ပါတယ်။” လို့ ဆိုသွားပါတယ်။

SM