ချန်ပီယံလိဂ် သမိုင်း တလျောက် အကောင်းဆုံး ပရီးမီးယားလိဂ် အသင်း ၁၀ သင်း

ချန်ပီယံလိဂ် ရဲ့ နှစ်စဉ် နှစ်တိုင်း ၊ ပြိုင်ပွဲတိုင်း ဟာ စိတ်လှုပ်ရှားမှုတွေ နဲ့ အကျိတ်အနယ် ရှိမှုတွေ ကို ပေးစွမ်း ခဲ့ပြီး ကမ္ဘာ တဝှမ်းက ပရိသတ်တွေ ရဲ့ အကြိုက်နှစ်သက်ဆုံး ပြိုင်ပွဲ တပွဲ ဖြစ်လာစေခဲ့ ပါတယ် ။

ဒီဆုဖလားကြီး အတွက် ကလပ် အသင်းတိုင်း ၊ ကစားသမားတိုင်း အားကုန်ထုတ် ယှဉ်ပြိုင် ခဲ့ကြပြီး

အောင်မြင်မှု ကို လူတိုင်း လွယ်လွယ် နဲ့ မရယူနိုင်ခဲ့ ပါဘူး ။

ရီးရဲ မက်ဒရစ် ဟာ ချန်ပီယံလိဂ် နဲ့ ယခင် အမည်ဟောင်း ဥရောပ ဖလား တွေမှာ အရေအတွက် အများဆုံး ရယူထားတဲ့ ကလပ် ဖြစ်ပေမယ့် နိုင်ငံ အလိုက် ကြည့်မယ် ဆိုရင်တော့

အင်္ဂလန် ဟာ ကလပ် အသင်း ၅ သင်း အထိ ဥရောပ ရဲ့ အမြင့်ဆုံး အောင်ပွဲကို ရယူနိုင်ခဲ့ ဖူးပါတယ် ။

ကျန်လိဂ်တွေ မှာတော့ နယ်သာလန် ၊ အီတလီ နဲ့ ဂျာမန်လိဂ် တို့သာ ၃ သင်းစီ ရခဲ့ကြဖူးပြီး စပိန် ကတော့ ရီးရဲ မက်ဒရစ် နဲ့

ဘာစီလိုနာ ၂ သင်းသာ ဂုဏ်ဆောင် နိုင်ခဲ့ကြပါတယ် ။

ဒီဘက် နှစ်တွေ မှာလည်း ပရီးမီးယားလိဂ် အသင်းတွေ ရဲ့ ဥရောပ ကြီးစိုးမှုကို ပြန်လည် မြင်တွေ့ လာခဲ့ရပြီး

နောက်ဆုံး ၃ ကြိမ် မှာ ၂ ကြိမ် က All-English Final တွေ ဖြစ်ခဲ့ပါတယ် ။ လက်ရှိ ချန်ပီယံ ကတော့ ချဲလ်ဆီး

ဖြစ်ပြီး တနိုင်ငံတည်း ပြိုင်ဘက် မန်စီးတီး ကို အနိုင် ကစားထားခဲ့တာပါ ။

ဒါကြောင့် ချန်ပီယံလိဂ် မှာ ပရီးမီးယားလိဂ် ကလပ်တွေ ရဲ့ လွှမ်းမိုးမှု ဟာ အလေးထားရမယ့် အဆင့်တဆင့်မှာ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဒီဘက်ခေတ် ( ချန်ပီယံလိဂ် အမည်ပြောင်းပြီး ) မှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး နဲ့ ချဲလ်ဆီး တို့ ဟာ ချန်ပီယံလိဂ် ဖလားတွေ ကို ၂ ကြိမ်စီ ရယူ နိုင်ခဲ့ ကြသလို စပါး ၊ အာဆင်နယ် နဲ့ မန်စီးတီး တို့ ကလည်း ဗိုလ်လုပွဲတွေ အထိ တက်လှမ်း နိုင်ခဲ့ ကြပါတယ် ။

အခြား ပရီးမီးယားလိဂ် ကလပ်တွေ ထဲမှာတော့ နယူးကာဆယ် ၊ လက်စတာ စီးတီး ၊ လိဒ်ယူနိုက်တက် တို့ဟာ ဥရောပ ရဲ့ အမြင့်ဆုံး ပြိုင်ပွဲတွေ ရဲ့ အရသာကို မြည်းစမ်းခွင့် ရရှိ ခဲ့ကြဖူးပါတယ် ။

ဒီကနေ့ ညမှာတော့ ပရီးမီးယားလိဂ် အသင်းတွေ ဟာ သူတို့ လိဂ် ရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ အတွက် ဥရောပ စစ်မြေပြင်မှာ ဆက်လက် တိုက်ပွဲ ဝင်ကြရဦးမှာပါ ။

ဒီပွဲတွေ မကစားခင် မှာ ချန်ပီယံလိဂ် သမိုင်း တလျောက် အကောင်းဆုံး ပရီးမီးယားလိဂ် အသင်း ၁၀ သင်း အကြောင်းကို ထုတ်နှုတ် ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁၀ ။ ချဲလ်ဆီး ( ၂၀၀၇ – ၀၈ )

ချဲလ်ဆီး ရဲ့ ၂၀၀၇ – ၀၈ လူစာရင်း ဟာ ချန်ပီယံလိဂ် ဖလားတွေ ရခဲ့တဲ့ နှစ်တွေက လူစာရင်းတွေထက် အများကြီး ပိုမို တောင့်တင်းပြီး ဟန်ချက်ပိုညီ ခဲ့တယ်လို့ တောင် သုံးသပ် ခဲ့ကြတာပါ ။

ဗိုလ်လုပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် နဲ့ သူတပြန် ကိုယ်တပြန် ကစားပြီး ကံဖေးမမှု မရခဲ့လို့သာ ရှုံးနိမ့် ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ် ။

အကယ်၍သာ ဂျွန်တယ်ရီ ပင်နယ်တီ ဝင်ခဲ့မယ်ဆိုရင် ဆိုတဲ့ စကားဟာ ဒီကနေ့ထိ ဥရောပ စကားဝိုင်းတွေမှာ ပါဝင်နေဆဲပါပဲ ။

 

၉ ။ မန်ချက်စတာ ယူနိုက်တက် ( ၂၀၁၀- ၁၁ )

ချန်ပီယံလိဂ် ဖလား ရအပြီး ၃ နှစ် အကြာမှာ ယူနိုက်တက် တို့ နောက်တခါ ဖိုင်နယ် တက်ခဲ့ပြန် ပါတယ် ။

၂၀၀၈ ခုနှစ် တဝိုက်ကလို အတောင့်တင်းဆုံး အင်အားကို မပိုင်ဆိုင်တော့ ပေမယ့် ဥရောပ သမ္ဘာရင့်ကျက်မှု ဟာ ယူနိုက်တက် ကို ဗိုလ်လုပွဲ အထိ ခေါ်ဆောင် နိုင်ခဲ့တာပါ ။

ဒါပေမယ့် ဗိုလ်လုပွဲ မှာတော့ ဘာစီလိုနာ ကို အဘက်ဘက် က မယှဉ်နိုင်ဘဲ ရှုံးနိမ့် ခဲ့ရ ပါတယ် ။

 

၈ ။ အာဆင်နယ် ( ၂၀၀၅-၀၆ )

ဗိုလ်လုပွဲ မှာ ဘာစီလိုနာ ကို ရှုံးခဲ့ ပေမယ့် အာဆင်ဝင်းဂါး ရဲ့ အသင်းဟာ ဗိုလ်လုပွဲ မတိုင်ခင်ထိ ပေးဂိုး လုံး၀ မပေးခဲ့ရဘဲ ချန်ပီယံလိဂ် ရဲ့ ပေးဂိုးမရှိ ပွဲဆက် အများဆုံး စံချိန်ကို ရယူနိုင်ခဲ့ ပါတယ် ။

ဒါတင်မကပါဘူး ၊ အာဆင်နယ် ဟာ ဗိုလ်လုပွဲ လမ်းကြောင်း တလျောက်မှာ ရီးရဲမက်ဒရစ် ၊ ယူဗင်တပ် တို့လို ဥရောပ ထိပ်သီးတွေကို ကျော်ဖြတ် လာခဲ့တာပါ ။

ဖိုင်နယ် မှာလည်း ဂိုးအရင် စသွင်းခဲ့ပါတယ် ၊ တကယ်လို့ ယန်းလေးမန်းစ် သာ အထုတ် မခံခဲ့ရဘူးဆိုရင် . . .

၇ ။ မန်ချက်စတာ စီးတီး ( ၂၀၂၀ – ၂၁ )

မနှစ် က ဒုတိယ ဆုရခဲ့တဲ့ ဂွာဒီယိုလာ ရဲ့ စီးတီး ဟာ ပြိုင်ပွဲ လမ်းကြောင်း တလျောက်မှာ ကောင်းမွန်တဲ့ ကစားပုံ ကို ပြသခဲ့ ပါတယ် ။

ဗိုလ်လုပွဲ မတိုင်ခင် မှာ မန်စီးတီး ဟာ ၁၂ ပွဲ မှာ ၁၁ ပွဲ အထိ နိုင်ခဲ့ပြီး ကျန် ၁ ပွဲက သရေရလဒ် ထွက်ပေါ် ခဲ့တာပါ ။

ဒါပေမယ့် ဒါတွေ အားလုံးဟာ ချဲလ်ဆီး ကို ရှုံးပြီးတဲ့ နောက်မှာတော့ ဘာမှ အရာမထင်တော့ပါဘူး ။

၆ ။ ချဲလ်ဆီး ( ၂၀၁၁ – ၁၂ )

ချဲလ်ဆီး ရဲ့ ပထမဆုံး ချန်ပီယံလိဂ် အောင်ပွဲဟာ အားလုံးကို အံ့သြစေခဲ့ ပါတယ် ။

နာမည်ကျော် နည်းပြ အန်ဆယ်လော့တီ ကို ထုတ်ပြီး ယာယီ နည်းပြ ဒီမက်တီယို နဲ့ ဆီမီး ဖိုင်နယ် ကို ရောက်ခဲ့ ပါတယ် ။

ဆီမီး မှာ လျှမ်းလျှမ်းတောက် နေတဲ့ မက်ဆီ နဲ့ ဘာစီလိုနာ ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲ ရောက်ခဲ့ ပေမယ့်

လူမစုံတော့တဲ့ ချဲလ်ဆီးတို့ ဗိုလ်စွဲမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး ။

ဒါပေမယ့် နောက်ဆုံး မှာတော့ ချဲလ်ဆီး ဟာ ဘိုင်ယန် ကို သူတို့ မြေပေါ်မှာပဲ ငိုကြွေးစေခဲ့ ပါတယ် ။

 

၅ ။ လီဗာပူး ( ၂၀၀၄-၀၅ )

ချန်ပီယံလိဂ် သမိုင်းမှာ ရင်ခုန် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဗိုလ်လုပွဲ ဖြစ်ခဲ့ ပါတယ် ။

ကာကာ ၊ နက်စတာ ၊ မာဒီနီ ၊ ကာဖူး ၊ ရှက်ဗ်ချန်ကို ၊ ပီယာလို ၊ ဂတ်တူဆို ၊ ဒီဒါ တို့ ပါဝင်တဲ့ ဂရိတ် အေစီမီလန် အသင်းဟာ လီဗာပူး ကို ပထမပိုင်းမှာ ၃-၀ နဲ့ ဦးဆောင် နေခဲ့ ပါတယ် ။

အားလုံးက အေစီမီလန်ပဲ ချန်ပီယံ ဖြစ်မယ်လို့ ပြောလာခဲ့ကြပါပြီ ၊ ဘာလို့လည်း ဆိုတော့ ဘယ်အသင်းမှ

သမိုင်းမှာ ဒီလို ရလဒ်မျိုးကို ပြောင်းပြန် မလှန် နိုင်ခဲ့လို့ပါပဲ ။

ဒါပေမယ့် ဒုတိယပိုင်း မှာတော့ လီဗာပူး ဟာ ၆ မိနစ် အတွင်း ၃ ဂိုး ပြန်သွင်းပြီး တကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ ပါတယ် ။

ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ဂျာဇီ ဒူးဒက် ရဲ့ ဆန်းပြားတဲ့ ကာကွယ်မှုတွေ နဲ့ အတူ လီဗာပူးတို့ အစ္စတန်ဘူလ် မှာ အောင်ပွဲ ခံခဲ့ပါတော့တယ် ။

၄ ။ ချဲလ်ဆီး ( ၂၀၂၀ – ၂၁ )

ချဲလ်ဆီး ရဲ့ ဒုတိယမြောက် ဥရောပ အောင်ပွဲ ကလည်း ပထမ အောင်ပွဲ လိုပဲ ရေပန်း မစားရာကနေ ဖြစ်ပေါ် လာခဲ့တာပါ ။

၂၀၁၁ တုန်းကလိုပဲ နည်းပြ အပြောင်းအလဲ နဲ့ ချဲလ်ဆီး တို့ ရှေ့ဆက် လာခဲ့ပြီး ရီးရဲ မက်ဒရစ် လို ဥရောပ ဝါရင့်ကြီးကို ကျော်ကာ ဗိုလ်လုပွဲ အထိ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

ဖိုင်နယ် မှာတော့ တနိုင်ငံတည်းသာ မန်စီးတီး ကို အနိုင်ယူ အောင်ပွဲ ခံခဲ့တာက သိပ်မကြာသေးတဲ့ ဇာတ်လမ်း တပုဒ်လိုပါပဲ ။

၃ ။ မန်ချက်စတာ ယူနိုက်တက် ( ၁၉၉၈-၁၉၉၉ )

၃ မိနစ် အတွင်း မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ၁-၀ နဲ့ ရှုံးနိမ့် နေသူ အဖြစ် ကနေ ဖလား ၃ လုံး အောင်ပွဲရှင် အဖြစ် ကို ပြောင်းလဲ ခဲ့ ပါတယ် ။

ဖာဂူဆန် ရဲ့ နာမည်ကျော် လူစားလဲမှု နဲ့ ထောင့်ကန်ဘော ၂ လုံးဟာ ဘိုင်ယန်မြုးနစ် ကို အလဲထိုးခဲ့တာပါ ။

လီဗာပူး ရဲ့ ၂၀၀၅ အစ္စတန်ဘူလ် ည မတိုင်ခင်အထိ ဒီဖိုင်နယ် ဟာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲ ဖြစ်ခဲ့ ပါတယ် ။

 

၂ ။ လီဗာပူး ( ၂၀၁၈ – ၂၀၁၉ )

ယာဂင် ကလော့ လက်အောက်မှာ ပိုပိုပြီး ကောင်းလာတဲ့ လီဗာပူး ဟာ ၂၀၁၈ တုန်းက လက်လွှတ် ခဲ့ရတဲ့ ချန်ပီယံလိဂ် ဖလားကြီး ကို နောက်တနှစ်မှာ ပြန်ပြီး ရယူခဲ့ ပါတယ် ။

ဗိုလ်လုပွဲ မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် စပါး ကို ၂ – ၀ နဲ့ အခက်ခဲ မရှိ အနိုင်ယူ ဗိုလ်စွဲ ခဲ့ပေမယ့်

လီဗာပူး ရဲ့ အကြီးမားဆုံး အောင်ပွဲ ကတော့ ဆီမီး ဖိုင်နယ် ပထမအကျော့မှာ ၃-၀ နဲ့ ရှုံးခဲ့တဲ့ ဘာစီလိုနာ ကို ဒုတိယ အကျော့ မှာ ၄-၀ နဲ့ အနိုင် ပြန်ကစား ခဲ့တာပဲ ဖြစ်မှာ သေချာပါတယ် ။

၁ ။ မန်ချက်စတာ ယူနိုက်တက် ( ၂၀၀၇ – ၀၈ )

ရိုနယ်ဒို – ရွန်းနီ – တိဗက် တိုက်စစ် အတွဲ နဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ၂၀၀၈ အသင်းဟာ

လက်ရှိ အချိန်ထိ ပရီးမီးယားလိဂ် အသင်းတွေ အနက် အကောင်းဆုံး ချန်ပီယံလိဂ် အသင်း အဖြစ် ရှိနေခဲ့ ပါတယ် ။

တိုက်စစ်မှာ ရိုနယ်ဒို တို့ ၃ ယောက်က ဂိုးတွေ သွင်းနေသလို ကွင်းလယ် မှာ စခိုး ၊ ကာရစ် ၊ ဂစ် တို့က သမ္ဘာရော ပညာပါ ပြည့်စုံခဲ့ ကြပါတယ် ။

နောက်တန်း မှာလည်း ဘရောင်း ဟာ သူ့ရဲ့ အကောင်းဆုံး အချိန်ကို ဖြတ်သန်းခဲ့သလို ဖာဒီနန် ၊ ဗီဒစ် ခံစစ် အတွဲ ကလည်း အင်္ဂလန် မှာရော ဥရောပ မှာပါ အကောင်းဆုံး ခံစစ်အတွဲ ဖြစ်ခဲ့တာပါ ။

ဘယ်တောင်ပံ မှာ တော့ အဲ့ဒိ အချိန် က အက်ရှ်လေကိုးလ် နဲ့ အပြိုင် ကမ္ဘာ့အကောင်းဆုံး စာရင်းပေါက်တဲ့ အီဗရာ ရှိနေခဲ့ပြီး ဂိုးပေါက် ကိုတော့ နယ်သာလန် ဝါရင့်ကြီး ဗန်ဒါဆား က ကာကွယ်စောင့်ရှောက်ခဲ့တာပါ ။

 

SPORTS MYANMAR